DVB Logo
Home
မြန်မာသတင်း
သံလွင်မြစ်တွင်းက ခရုများ စားသုံးရန်မသင့်ဟု ထိုင်းသုတေသီများ သတိပေး
DVB
·
May 4, 2026
Photo: Transborder News
Photo: Transborder News
Donate to DVB

သံလွင်မြစ်အတွင်းက ခရုတွေမှာ အာဆင်းနစ် ပါဝင်မှုနှုန်းဟာ ဘေးအန္တရာယ်ရှိတဲ့ ဘေးကင်းလုံခြုံမှု စံနှုန်းတွေထက် ၁၀ ဆကနေ အဆ ၂၀ အထိ ပိုမိုများပြားနေလို့ ဒေသခံတွေအနေနဲ့ သံလွင်မြစ်ထဲက ခရုတွေကို စားသုံးခြင်းမပြုကြဖို့ ကျွမ်းကျင်သူပညာရှင်တွေက သတိပေးနေကြောင်း Transborder News ထိုင်းသတင်းမှာ  မေ ၄ ရက်က ဖော်ပြပါတယ်။

ဒီသုတေသနတွေ့ရှိချက်ကို လူထုဗဟိုပြု ကျန်းမာရေးထိခိုက်မှု ဆန်းစစ်ခြင်းအဖွဲ့ CHIA Platform ရဲ့ ဒါရိုက်တာ ဆုမ်းဖွန်းဖဲန်ခမ်းက မေ ၃ ရက်မှာ ထုတ်ပြန်ခဲ့တာဖြစ်ပြီး ကျန်းမာရေးစနစ်သုတေသနဌာနရဲ့ ပံ့ပိုးမှုနဲ့ မယ်ဆမ်လဲ့ပ်ကျေးရွာအုပ်ချုပ်ရေးအဖွဲ့က ပေးပို့တဲ့ နမူနာတွေကို ချင်းမိုင်တက္ကသိုလ်တွင် ဓာတ်ခွဲစမ်းသပ်ခဲ့တာ ဖြစ်ပါတယ်။ 

ဓာတ်ခွဲခန်းရလဒ်တွေအရ အာဆင်းနစ်နဲ့ ခဲသတ္တုဓာတ်တွေက သတ်မှတ်စံနှုန်းထက် ကျော်လွန်နေတာပါ။ မာကျူရီ (ပြဒါး) ကိုတော့ မတွေ့ရှိရဘူးလို့လည်း ဆိုပါတယ်။

ဒေသန္တရအာဏာပိုင်တွေနဲ့ လူမှုအသိုက်အဝန်း စောင့်ကြည့်ရေးအဖွဲ့တွေကိုလည်း သံလွင်မြစ်ကမ်းဘေးမှာ ‌‌‌နေထိုင်ကြတဲ့ ရွာသူရွာသား‌တွေကို ဒီအဆိပ်သင့်အန္တရာယ်တွေနဲ့ ပတ်သက်ပြီး အသိပေးနှိုးဆော်ဖို့ ညွှန်ကြားထားပါတယ်။

သံလွင်မြစ်ကမ်းဘေးမှာ နေထိုင်ကြသူ အများစုကတော့ ဒီခရုတွေကို စားသုံးကြသလို၊ တကီလိုကို ဘတ် ၁၀၀ လောက်နဲ့လည်း ရောင်းချပြီး‌တော့ မိသားစုဝင်ငွေအဖြစ် ရာသီအလိုက် အားထားနေကြရတာလည်း ဖြစ်ပါတယ်။

ဒါ့ကြောင့် ဒေသခံပြည်သူလူထုကို နောက်ထပ်စမ်းသပ်စစ်ဆေးမှုတွေ မပြီးမချင်း စားသုံးခြင်းမပြုဖို့ တားမြစ်ထားပါတယ်။ 

အာဆင်းနစ်ဟာ organic နဲ့ inorganic  ဆိုပြီး ပုံစံ ၂ မျိုး ရှိပါတယ်။ ရေမှာတွေ့ရတဲ့ Inorganic Arsenic ကတော့ အဆိပ်သက်ရောက်မှု မြင့်မားပြီး အလွန်အန္တရာယ်ရှိတာလည်း ဖြစ်ပါတယ်။

ဒါကြောင့် Inorganic Arsenic ရှိ၊ မရှိကို စစ်ဆေးဖို့အတွက် နောက်ထပ် နမူနာ ကောက်ယူမှုတွေကိုလည်း ပြုလုပ်ဖို့ စီစဉ်နေကြပြီး ထိုင်းသုတေသီတွေဟာ သံလွင်မြစ်ဝှမ်းဒေသရဲ့ အခြေအနေနဲ့ ကိုက်ညီမဲ့ ကျန်းမာရေးဆိုင်ရာ ဘေးအန္တရာယ် ဆန်းစစ်မှု နည်းလမ်းတွေကိုလည်း ရေးဆွဲဖော်ဆောင်နိုင်ဖို့ ဒေသခံ စောင့်ကြည့်ရေးအဖွဲ့တွေနဲ့ ပူးပေါင်းဆောင်ရွက်သွားမယ်လို့လည်း ဆိုပါတယ်။

ထိုင်းပြည်သူ့ကျန်းမာရေးဝန်ကြီးဌာနက အကြီးတန်းဆေးဘက်ဆိုင်ရာ ကျွမ်းကျင်သူ ဒေါက်တာ ကွမ်ပရာချာက “ရေနေသတ္တဝါတွေမှာ အဆိပ်အတောက်တွေ ပါနေတာက အံ့ဩစရာတော့ မဟုတ်ပါဘူး။ ဒါက အစာကွင်းဆက်ရဲ့ သဘောတရားပါပဲ။ အဆိပ်သင့်‌နေတဲ့ ခရု ဒါမှမဟုတ် ငါးတွေကို လူတွေက စားမယ်ဆိုရင်လည်း စားလိုက်တဲ့လူတွေဟာ အဆိပ်သင့်နိုင်ပါတယ်” လို့ ဆိုပါတယ်။

ဒါ့ကြောင့် ထိုင်းအစိုးရအနေနဲ့ စောင့်ကြည့်စစ်ဆေးမှုတွေကို ပိုမိုအားကောင်းအောင် လုပ်ဆောင်ဖို့၊ ဈေးကွက်အတွင်း ရောင်းချမှုတွေကို စစ်ဆေးဖို့နဲ့ အများပြည်သူကို တရားဝင်သတိပေးချက်တွေ ထုတ်ပြန်ဖို့ လိုအပ်တယ်လို့လည်း တိုက်တွန်းထားပါတယ်။

ဒီဖြစ်ရပ်ဟာ ထိုင်း-မြန်မာနယ်စပ်မှာရှိတဲ့ သံလွင်မြစ်ကို အမှီပြုနေထိုင်ရတဲ့ လူမှုအသိုက်အဝန်းတွေအတွက် နယ်စပ်ဖြတ်ကျော် ညစ်ညမ်းမှုဒဏ်နဲ့ ပတ်သက်ပြီး စိုးရိမ်မှုတွေကို ပိုမိုမြင့်တက်စေတာလည်း ဖြစ်ပါတယ်။

‌စောမင်းသိန်း

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013