Home
မြန်မာသတင်း
ဂျူလီဘစ်ရှော့ပ်နှင့် အိန္ဒိယနိုင်ငံခြားရေးဝန်ကြီး တွေ့ဆုံ၊ မြန်မာ့အရေး ဆွေးနွေး
DVB
·
March 26, 2025

ကုလသမဂ္ဂအတွင်းရေးမှူးချုပ်ရဲ့ မြန်မာနိုင်ငံဆိုင်ရာ အထူးကိုယ်စားလှယ် ဂျူလီဘစ်ရှော့ပ်နဲ့ အိန္ဒိယနိုင်ငံခြားရေးဝန်ကြီး ဒေါက်တာအက်စ်ဂျိုင်ရှန်ကာတို့ တွေ့ဆုံပြီး မြန်မာ့အရေးနဲ့ ပတ်သက်လို့ ဆွေးနွေးခဲ့ကြတဲ့အကြောင်း The Times of India သတင်းမှာ မတ် ၂၅ ရက်က ဖော်ပြပါတယ်။

ဒီအကြောင်းနဲ့ပတ်သက်ပြီးတော့ အိန္ဒိယနိုင်ငံခြားရေးဝန်ကြီးက သူ့ရဲ့ X လူမှုကွန်ရက် စာမျက်နှာပေါ်ကတဆင့် မျှဝေထားခဲ့ကာ အိန္ဒိယ-မြန်မာနယ်စပ် တည်ငြိမ်ရေး၊ ဒုက္ခသည် အခြေအနေ၊ နိုင်ငံဖြတ်ကျော်ရာဇ၀တ်မှုတွေနဲ့ စီးပွားရေးအထောက်အပံ့တွေ ပံ့ပိုးပေးဖို့ ဆွေးနွေးခဲ့တယ်လို့ ပြောပါတယ်။

ပြီးခဲ့တဲ့ရက်ပိုင်းက မြန်မာနဲ့ အိန္ဒိယနယ်စပ်ကို ခြံစည်းရိုးခတ်မယ့် ကိစ္စတွေ၊ စစ်ကိုင်းတိုင်း၊ တမူးမြို့နယ်ထဲက ကဘော်ချိုင့်ဝှမ်းကို သိမ်းယူပြီး မဏိပူရပြည်နယ်ထဲ ထည့်သွင်းဖို့ အိန္ဒိယ လွှတ်တော်အမတ်တယောက်က အဆိုတင်သွင်းခဲ့တဲ့ကိစ္စတွေနဲ့ ပတ်သက်ပြီးတော့ နှစ်နိုင်ငံကြား အခြေအနေတွေ ရှုပ်ထွေးနေခဲ့တာပါ။

ဒါ့အပြင် အိန္ဒိယနိုင်ငံအနေနဲ့ တရားမဝင် မူးယစ်ဆေးဝါး၊ လက်နက်ရောင်းဝယ်မှုနဲ့ လက်နက်ကိုင်အဖွဲ့တွေရဲ့ လှုပ်ရှားမှုတွေကို စောင့်ကြည့်စစ်ဆေးဖို့ မြန်မာစစ်တပ်နဲ့ ပူးပေါင်းလုပ်ဆောင်ဖို့ လိုအပ်တယ်လို့ ယုံကြည်နေတဲ့အကြောင်းလည်း သတင်းမှာ ဖော်ပြပါတယ်။

လာမယ့်ဧပြီ ၃ ရက်ကနေ ၄ ရက်အထိ ထိုင်းနိုင်ငံမြို့တော် ဘန်ကောက်မှာ ကျင်းပမယ့် ဘင်းမ်စတက်ထိပ်သီးအစည်းအဝေးမှာတော့ အိန္ဒိယဝန်ကြီးချုပ် နာရင်ဒြာရာမိုဒီကလည်း အဖွဲ့ဝင် ၇ နိုင်ငံဖြစ်တဲ့ သီရိလင်္ကာ၊ ဘင်္ဂလားဒေ့ရှ်၊ ဘူတန်၊ မြန်မာ၊ နီပေါနဲ့ ထိုင်းနိုင်ငံက ခေါင်းဆောင်တွေနဲ့အတူ တက်ရောက်မှာဖြစ်ပါတယ်။

အိန္ဒိယနိုင်ငံခြားရေးဝန်ကြီးဟာ  ဘန်ကောက် အစည်းအဝေးကို တက်ရောက်လာဖွယ်ရှိတဲ့  မြန်မာစစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နဲ့ တွေ့ဆုံဆွေးနွေးကြဖို့ မျှော်လင့်ရတယ်လို့လည်း အိန္ဒိယသတင်းက ဆိုပါတယ်။

Source: The Times of India 

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024