
ယူကရိန်းက အမြောက်တွေနဲ့ ပစ်မှတ်ထား တိုက်ခိုက်ခဲ့လို့ ယူကရိန်းနိုင်ငံ အရှေ့ပိုင်း လူဟန့်စ်ဒေသရှိ ရုရှားအစိုးရ ထိန်းချုပ်ထားတဲ့ အစိတ်အပိုင်းတွေမှာ တာဝန်ကျနေတဲ့ သတင်းထောက် ၂ ယောက်နဲ့ သူတို့ရဲ့ ယာဉ်မောင်း အပါအဝင် လူ ၆ ယောက် သေဆုံးခဲ့တယ်လို့ ရုရှားအာဏာပိုင်တွေနဲ့ မီဒီယာတွေက မတ် ၂၄ ရက်မှာ ပြောပါတယ်။
ရုရှားနိုင်ငံ အီဇီယက်ရှာ မီဒီယာက စစ်သတင်းထောက် အလက်ဇန်းဒါး ဖယ်လ်ဒါချက်ခ်နဲ့ ကင်မရာသမား အန်ဒရေ ပါနော့ဗ်နဲ့ ဇဗက်စ်တာ ရုပ်သံလိုင်းအတွက် အလုပ်လုပ်တဲ့ ယာဉ်မောင်း အလက်ဇန်းဒါး စီယာကီလီတို့ သေဆုံးခဲ့တယ်လို့ ရုရှားနိုင်ငံခြားရေးဝန်ကြီးဌာနက ပြောပါတယ်။
ဇဗက်စ်တာရုပ်သံက တခြားသတင်းထောက် နီခီတာ ဂေါ်ဒင် ကတော့ ဒဏ်ရာအပြင်းအထန် ရခဲ့ပါတယ်။
ဒီတိုက်ခိုက်မှုကို ယူကရိန်းအစိုးရက အမြောက်တွေနဲ့ အတိအကျ ချိန်ရွယ်ပစ်ခတ်ခဲ့တာလို့ ရုရှားနိုင်ငံခြားရေးဝန်ကြီးဌာန ပြောခွင့်ရ မာရီယာ ဇာခါရိုဗာက တယ်လီဂရမ်ပေါ်ကနေ ကြေညာခဲ့ပါတယ်။
ဇာခါရိုဗာက “သတင်းထောက်တွေနဲ့အတူ ကြိုတင်သတ်မှတ်ထားတဲ့ အရပ်သားယာဉ်ပေါ်မှာ တိကျတဲ့ MLRS ခဲယမ်းတွေနဲ့ ချိန်ရွယ်ပစ်ခတ်ခဲ့တာ” လို့ အထောက်အထားမပြဘဲ ပြောပါတယ်။
ရုရှားသတင်းတွေကို သီးခြား အတည်မပြုနိုင်သေးပါဘူး။ ယူကရိန်းသမ္မတရုံးနဲ့ နိုင်ငံခြားရေးဝန်ကြီးဌာနတို့က မှတ်ချက်ပေးဖို့ တောင်းဆိုချက်ကို ရုံးချိန်ပြင်ပမှာ ချက်ချင်း မတုံ့ပြန်သေးပါဘူး။
ရုရှားနဲ့ အမေရိကန် စေ့စပ်ညှိနှိုင်းရေးမှူးတွေဟာ ၃ နှစ်ကြာစစ်ပွဲမှာ အပစ်အခတ်ရပ်စဲရေးအတွက် ဖြစ်နိုင်ချေရှိတဲ့ တစိတ်တပိုင်း အပစ်အခတ်ရပ်စဲရေး ဆွေးနွေးဖို့ ဆော်ဒီအာရေဗျနိုင်ငံမှာ တွေ့ဆုံဆွေးနွေးနေပါတယ်။
လူဟန့်စ်ခ်ဒေသမှာ ရုရှားက ခန့်အပ်ထားတဲ့ အုပ်ချုပ်ရေးမှူး လီယိုနစ်ဒ် ပါဆက်ချင်က ယူကရိန်းရဲ့ ပစ်ခတ်မှုကြောင့် လူ ၆ ယောက် သေဆုံးခဲ့တယ်လို့ ပြောပါတယ်။
သတင်းထောက်တွေနဲ့ ယာဉ်မောင်းတွေအပြင် တခြားဘယ်သူတွေ အသတ်ခံရတယ် ဆိုတာတော့ မပြောခဲ့ပါဘူး။
Source : Reuters