
ယူကရိန်းနိုင်ငံပိုင် ဇားလိဇ်နစ်ဆီယာ မီးရထားကုမ္ပဏီကို ပြီးခဲ့တဲ့သီတင်းပတ်ကုန်က ဆိုက်ဘာတိုက်ခိုက်မှုဟာ ရထားအသွားအလာကို အနှောင့်အယှက်ဖြစ်စေဖို့ ရည်ရွယ် လုပ်ဆောင်ခဲ့တာဖြစ်ပေမဲ့ မဖြစ်မြောက်ဘဲ မအောင်မြင်ခဲ့ကြောင်း ကုမ္ပဏီဘုတ်အဖွဲ့ဥက္ကဋ္ဌ အိုလက်ဆန်ဒါ ပါထ်ဆိုဖ်စကီးက ပြောပါတယ်။
ရထားပြေးဆွဲသွားလာမှုက တခဏလေးတောင် ရပ်မသွားခဲ့ပါဘူးလို့လည်း ဆိုပါတယ်။
အိုလက်ဆန်ဒါ ပါထ်ဆိုဖ်စကီးက “ရန်သူတိုက်ခိုက်တာက ရထားတွေကို ရပ်တန့်ဖို့ ရည်ရွယ်ခဲ့ပေမဲ့ ကျနော်တို့က အရန်စနစ်တွေကို အမြန်ပြောင်းထားခဲ့ပြီး ရထားတွေကို ကိုယ်တိုင်စီမံခန့်ခွဲခဲ့ပါတယ်” လို့ အမျိုးသားရုပ်သံကို ပြောပါတယ်။
ဖောက်သည်တွေရဲ့ လုပ်ဆောင်မှု ရပ်သွားရတဲ့ တခုတည်းသောစနစ်မှာ အရောင်းစနစ်ဖြစ်ပြီး လက်မှတ်ရုံး အသုံးပြုတဲ့ အဓိကစနစ်ကတော့ အလုပ်ဖြစ်တယ်လို့လည်း ဆိုပါတယ်။
“စနစ်တကျနဲ့ အသေးအဖွဲမဟုတ်တဲ့ အဆင့်ပေါင်းများစွာ” တိုက်ခိုက်ခံခဲ့ပြီးနောက်မှာ အရန်အချက်အလက် မိတ္တူတွေကို ပြန်မဆယ်ယူရသေးခင် တနင်္လာနေ့မှာ ရထားလက်မှတ်တွေကို အော့ဖ်လိုင်း ရောင်းချသွားမယ်လို့ ရထားလိုင်းက ပြောပါတယ်။
ဒါ့အပြင် လက်မှတ်အရောင်းဌာနတွေမှာ အချိန်မီ မလုပ်နိုင်ရင် ရထားထဲမှာ လက်မှတ်တွေကို ချက်ချင်းရောင်းဖို့ ရထားအဖွဲ့အားလုံးကို ညွှန်ကြားထားပါတယ် လို့လည်း ဆိုပါတယ်။
ယူကရာ ဇားလိဇ်နစ်ဆီယာ မီးရထားကုမ္ပဏီဟာ အိုင်တီစနစ် ချို့ယွင်းမှုနဲ့ပတ်သက်ပြီး အသုံးပြုသူတွေကို အသိပေး အကြောင်းကြားခဲ့ပြီးတော့ ပြတ်တောက်မှုကို တနင်္ဂနွေနေ့မှာ ပထမဆုံး ကြေညာခဲ့တာပါ။
ခရီးသည်တွေကိုလည်း လက်မှတ်ရုံနေရာ သို့မဟုတ် ရထားပေါ်မှာ လက်မှတ်တွေကို ဝယ်ယူနိုင်ကြောင်း ပြောကြားခဲ့ပါတယ်။
၂၀၂၂ ခုနှစ်မှာ ရုရှားကျူးကျော်မှုနဲ့ ယူကရိန်းနိုင်ငံရှိ ဝေဟင်ပိုင်နက်ကို ပိတ်သိမ်းပြီးနောက်မှာ ရထားတွေဟာ ပြည်တွင်းနဲ့ နိုင်ငံတကာ ခရီးသည်တွေအတွက် အဓိက သယ်ယူပို့ဆောင်ရေးပုံစံ ဖြစ်လာခဲ့တာပါ။
မနှစ်တုန်းက ရထားလမ်းတွေဟာ ခရီးသည် သန်း ၂၀ နဲ့ ကုန်စည်တန်ချိန် ၁၄၈ သန်းကို သယ်ဆောင်ခဲ့ကြောင်း ယူကရိန်း ဒုတိယဝန်ကြီးချုပ် အိုလက်ခ်ဆီ ကူလေဘာက ဒီဇင်ဘာလမှာ ပြောကြားခဲ့ပါတယ်။
Source : Reuters