Home
မြန်မာသတင်း
နွေရာသီ လျှပ်စစ်မီးပြတ်ချိန် ထပ်တိုးမြှင့်သဖြင့် ရန်ကုန်မြို့ခံများ အခက်ပို
DVB
·
March 25, 2025

ရန်ကုန်မြို့ အ‌ရှေ့ပိုင်းခရိုင်အတွင်းက မြို့နယ်အားလုံးမှာ စစ်ကောင်စီက လျှပ်စစ်မီးပြတ်ချိန် ထပ်တိုးမြှင့်လိုက်တာကြောင့် အဘက်ဘက်က ထိခိုက်မှုတွေ ကြုံနေရတယ်လို့ မြို့ခံတွေက ပြောပါတယ်။

စစ်အာဏာသိမ်းပြီးနောက်ပိုင်းကတည်းက နိုင်ငံတဝန်းက မြို့နယ်အများစုမှာ လျှပ်စစ်မီးရချိန် အရင်ကထက် ပိုနည်းလာလို့ ပြည်သူတွေ အခက်ကြုံနေကြရတာ ဖြစ်ပါတယ်။ အဲဒီထဲမှာ မီးပြတ်မှုဒဏ်ကို ခံစားနေကြရသူတွေထဲ မြို့ပြတိုက်ခန်းနေ ပြည်သူတွေလည်း ပါဝင်ပါတယ်။

ရန်ကုန်မှာ မီးလာချိန်နည်းလို့ မြို့ခံတွေ အကျပ်အတည်းဖြစ်နေချိန်မှာပဲ အခုလို ပူပြင်းတဲ့ မတ်လမှာ ရန်ကုန် အ‌ရှေ့ပိုင်းခရိုင်အတွင်းရှိ ၁၄ မြို့နယ်မှာ မီးပြတ်ချိန် ပိုတိုးမယ်လို့ စစ်ကောင်စီ လျှပ်စစ်ဌာနတွေက ကြေညာချက်ထုတ်ပြန်လာတာ ဖြစ်ပါတယ်။

မတ် ၂၄ ရက်ကစတင်ပြီး ၄ နာရီ မီးပေး၊ ၈ နာရီ မီးပျက် စနစ်နဲ့ အလှည့်ကျ လျှပ်စစ်မီး ပေးသွားမယ်လို့ သက်ဆိုင်ရာ မြို့နယ်လျှပ်စစ်မန်နေဂျာရုံးတွေက အသိပေး ကြေညာလိုက်တာပါ။

အရင်က ၄ နာရီမီးပေး၊ ၄ နာရီ မီးပြတ်စနစ်နဲ့ အလှည့်ကျ မီးပေးရာကနေ လက်ရှိမှာတော့ ရန်ကုန်မြို့ရှိ အနောက်ပိုင်းခရိုင်တခုကလွဲပြီး ကျန်တဲ့ခရိုင် ၃ ခုမှာ ၄ နာရီ မီးပေး၊ ၈ နာရီ မီးပြတ်စနစ်နဲ့ မီးပေးသွားမယ်လို့လည်း သိရပါတယ်။

ဒါပေမဲ့ တချို့မြို့နယ်တွေမှာတော့ အလှည့်ကျမီးလာရမယ့် အချိန်မှာတောင် မီးပြတ်နေတာကြောင့် ပြည်သူတွေရဲ့ နေ့စဉ် လူမှုဘဝတွေမှာ ထိခိုက်မှုတွေ ရှိလာနေပါတယ်။

ရန်ကုန်‌ဒေသခံ အိမ်ရှင်မတယောက်က “အခက်အခဲကတော့ ရှိတာပေါ့၊ မီးလာတဲ့အချိန်မှာ အကုန်လုံး စုပြုံပြီး လုပ်နေကြရတာပေါ့။ အပြင်သွားစရာရှိလို့ရှိရင်လည်း တယောက်နဲ့တယောက် တာဝန်ပေးနေရတာပေါ့။ မီးလာမယ့်အချိန်ဆိုရင် တယောက်က အိမ်မှာနေပေါ့။ မနက်အစောကြီး ထမင်းအိုး ထတည်ရတာတို့၊ အစောကြီး ထလုပ်ရတာတို့၊ ရေလာတဲ့အချိန် မီးမလာဘူး၊ မီးလာတဲ့အချိန် ရေမလာဘူး၊ ရေကလည်း အချိန်ပိုင်းနဲ့ပဲ လာတာဆိုတော့ မီးလာပြီဟဲ့ဆိုရင် ရေအရင်ဆုံးပြေးလုပ်ရတာပေါ့ အဲလိုမျိုးတွေ ရှိပါတယ်။ ရာသီဥတုကလည်းပူ၊ မီးကလည်းမလာ၊ ၄ နာရီကို ၄ နာရီ အပြည့်လာတာမဟုတ်ဘူးလေ။ လာလိုက်ပြတ်လိုက်လာတာပါ” လို့ ပြောပါတယ်။

အာဏာသိမ်းစစ်ခေါင်းဆောင်ကတော့ လျှပ်စစ်ဓာတ်အားထုတ်လုပ်တဲ့စီမံကိန်းတွေက အချိန်တိုအတွင်း လုပ်လို့ရတာမဟုတ်ကြောင်း၊ လျှပ်စစ်ဓာတ်အားစီမံကိန်းတွေ တိုးချဲ့နေကြောင်း၊ အာဏာသိမ်း ၄ နှစ်အလွန်ကာလဖြစ်တဲ့ မတ် ၂၅ ရက် စစ်ကောင်စီအစည်းအဝေးမှာ ပြောဆိုခဲ့တယ်လို့ သတင်းစာတွေမှာ ပြောဆိုထားပါတယ်။

လျှပ်စစ်မီးပြတ်တောက်ရတာဟာ ဓာတ်အားလိုင်းတွေ ဖျက်ဆီးခံရလို့ဖြစ်တယ်ဆိုပြီးလည်း စစ်ကောင်စီက စွပ်စွဲလေ့ရှိပါတယ်။

အခုလို လျှပ်စစ်မီး အချိန်ကြာမြင့်စွာ ပြတ်တောက်နေတာတွေကြောင့် အသေးစားနဲ့ အလတ်စား စီးပွားရေးလုပ်ငန်းတွေ လည်ပတ်နိုင်ဖို့ အခက်အခဲကြုံနေကြရသလို တပိုင်တနိုင် အိမ်တွင်းလုပ်ငန်းတွေလည်း ရပ်နားရတဲ့အခြေအနေထိ ရှိလာနေတယ်လို့ ပြောဆိုမှုတွေလည်း ရှိနေပါတယ်။

ရန်ကုန်ဒေသခံ စက်ချုပ်လုပ်ငန်းလုပ်ကိုင်သူတယောက်က “မီးလာတဲ့အချိန်မှာလည်း ပြတ်တာများပါတယ်။ အခက်အခဲတွေကတော့ အများကြီးပါပဲ။ မော်တာနဲ့လုပ်တဲ့ စက်ချုပ်သမားတွေဆိုရင် မီးမမှန်တော့ ပိုဆိုးတယ်လေ။ မီးက လာပြန်တော့လည်း မီးအားက မပြည့်ဘူး။ အဲဒါကြောင့် အလုပ်တွေမှာ ကြန့်ကြာမှုတွေရှိတယ်။ နှောင့်နှေးမှုတွေရှိတယ်၊ အဲခါကျရင် စားဝတ်နေရေး အခက်အခဲဖြစ်တယ်လေ။ သွားထိတာပေါ့နော်၊ အဲလိုမျိုးတွေ ကြုံတွေ့နေရပါတယ်” လို့ ပြောပါတယ်။

လျှပ်စစ်မီးပြတ်တောက်မှု ပိုများလာတာကြောင့် ပြည်သူတွေမှာ အိမ်သုံးဆိုလာတွေနဲ့ မီးစက်တွေကို ပိုပြီးအသုံးပြုလာကြတာကြောင့် ဆိုလာပြားတွေနဲ့ မီးစက်တွေကို ဈေးကြီးပေးဝယ်နေရတယ်လို့ ဆိုပါတယ်။

ရန်ကုန်ဒေသခံက “တိုက်မှာနေတဲ့သူတွေ ဆိုရင်တော့ အရမ်းကြီး ဆိုးဆိုးဝါးဝါးဖြစ်တဲ့ အခြေအနေ ရှိတယ်။ မီးက မိုးလင်းပေါက်ထိ မီးမလာဘူး၊ မလာတဲ့အခါကျတော့ တိုက်မှာ ဘယ်လိုမှနေလို့မရဘူး၊ ဆေးရုံချက်ချင်းပို့လိုက်ရတဲ့ အခြေအနေရှိတယ်။ လေကောင်းလေသန့်တွေက တိုက်မှာဆိုတော့ မရဘူးလေ။ ပူအိုက်ပြီးတော့မှ အသက်ရှူကျပ်လာလို့ ဆေးရုံပို့လိုက်ရတဲ့ အခြေအနေပါ၊ မီးပျက်တာကြောင့် ဒုက္ခရောက်တဲ့သူတွေအများကြီးပါ” လို့ ပြောပါတယ်။

အခုလို လျှပ်စစ်မီး ပြတ်တောက်မှု ပိုများလာနေပေမဲ့လည်း စစ်ကောင်စီကတော့ ၂၀၂၄ ခုနှစ် စက်တင်ဘာ ၁ ရက်ကစပြီး လျှပ်စစ်မီတာခတွေကို ၂ ဆနီးပါး တိုးမြှင့်ကောက်ခံခဲ့ပါတယ်။

ကေခိုင်

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024