တိုက်ပွဲပြင်းထန်နေတဲ့ မိုးဗြဲ ရှေ့တန်းစစ်မျက်နှာပြင်မှာ ကျဆုံးခဲ့ရတဲ့ အမှတ် ၈၀၅ တပ်ရင်း၊ နေပြည်တော်ပြည်သူ့ကာကွယ်ရေးတပ် ထနောင်းစစ်ကြောင်း တပ်ခွဲ ၁ က ဒုတပ်ခွဲမှူး ရဲဘော်ငတေရဲ့ စျာပနအခမ်းအနားကို မတ်လ ၂၄ ရက်နေ့က ပြုလုပ်ပေးခဲ့တယ်လို့ တပ်ရင်းက ထုတ်ပြန်ပါတယ်။
ရဲဘော်ငတေဟာ စစ်ကောင်စီတပ်ကို ခုခံတော်လှန်ရင်းနဲ့ မတ် ၂၂ ရက်က ရှေ့တန်းမှာပဲ ကျဆုံးခဲ့ရပြီး သူ့ရဲ့အလောင်းကိုတော့ မတ် ၂၄ ရက်မှာ စျာပနပြုလုပ်ပေးခဲ့တာဖြစ်ပါတယ်။
တပ်ရင်းတာဝန်ရှိသူက "မိုးဗြဲတိုက်ပွဲမှာ စကစ စစ်ကြောင်းကို ခုခံကာကွယ်ရင်း ဒရုန်းထိမှန်ကျဆုံးတာဗျ၊ ချက်ချင်း ကျသွားတယ်ပြောရမှာပေါ့ သူ့ Body ကို အပျက်အစီးတွေအောက်က အတော်ဖော်ယူရတာ"လို့ ပြောပါတယ်။
ရဲဘော်ငတေဟာ နေပြည်တော် PDF တပ်ရင်းရဲ့ အပတ်စဉ် ၂ က ရဲဘော်ဖြစ်ပြီး တပ်ရင်းမှာ ၂ နှစ်ခွဲကျော် တာဝန်ထမ်းဆောင်ခဲ့ကာ အားကိုးရတဲ့ ရဲဘော်ကောင်းတယောက်ဖြစ်လို့ ကျဆုံးရမှုအတွက် မိသားစုနဲ့ထပ်တူဝမ်းနည်းရပြီး အာဏာနည်သူရဲကောင်းအဖြစ် အသိအမှတ်ပြုအလေးထားတယ်လို့ဆိုပါတယ်။
တပ်ရင်းမှာ ရဲဘော်ငတေရဲ့ အစ်ကိုအရင်းဖြစ်သူလည်း ညီဖြစ်သူနဲ့ အတူ စစ်ကောင်စီတပ်ကို တော်လှန်ရင်းကနေ ညီဖြစ်သူက ကျဆုံးခဲ့ရပါတယ်။
မိုးဗြဲတိုက်ပွဲမှာ နှစ်ဘက် ထိတွေ့တိုက်ပွဲတွေပြင်းထန်နေပြီး စစ်ကောင်စီတပ်ဘက်က ကျဆုံးတာတွေရှိသလို တော်လှန်ရေးအင်အားစုက ရဲဘော်တချို့လည်း ကျဆုံးခဲ့ရပါတယ်။
ခုလက်ရှိမှာလည်း တိုက်ပွဲတွေပြင်းထန်နေပြီး စစ်ကောင်စီတပ်က ဒရုန်းအလွန်အကျွံအသုံးပြုတိုက်ခိုက်တာ၊ လက်နက်ကြီးနဲ့ပစ်ခတ်တာ၊ မီးလောင်ဗုံးသုံးပြီး ပြည်သူ့နေအိမ်ဖျက်ဆီးတာ၊ လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်တာတွေပြုလုပ်နေတယ်လို့ မြေပြင်သတင်းအရ သိရပါတယ်။