
ရခိုင်ပြည်နယ်၊ စစ်တွေမြို့မှာ မတ် ၁၉ ရက်က စစ်ကောင်စီတပ်က ဖမ်းဆီးသတ်ဖြတ်ခဲ့လို့ လူငယ်တယောက်သေဆုံးခဲ့တယ်လို့ ဒေသခံတွေဆီကနေ သိရပါတယ်။
စစ်တွေမြို့ ကိုးရီးယားဆိပ်ကမ်းမှာ မုန့်စားနေတဲ့ အသက် ၁၉ နှစ်အရွယ် ကိုနေတိုးကို စစ်ကောင်စီတပ်သား ၄ ယောက်က ရိုက်နှက်ဖမ်းဆီးပြီး ကားပေါ်ကို ဆွဲတင်သွားကြတာလို့ စစ်တွေမြို့ခံတယောက်က DVB ကိုပြောပါတယ်။
ကိုနေတိုးဟာ စစ်တွေမြို့ မိဇံရပ်ကွက်ကဖြစ်ပြီး စစ်ကောင်စီတပ်သားတွေ စစ်ကြောရေးမှာ နှိပ်စက်လို့ သေဆုံးသွားတာကြောင့် မတ်လ ၂၁ ရက်မှာ စစ်တွေဆေးရုံကို ပို့ဆောင်ကာ အလောင်းလာထုတ်ခိုင်းခဲ့တယ်လို့ ဆိုပါတယ်။
စစ်ကောင်စီတပ်က အခုလိုအရပ်သားပြည်သူတွေကို ဖမ်းဆီးနှိပ်စက် သတ်ဖြတ်တာဟာ ULA/AA နဲ့ ဆက်စပ်မှုရှိနိုင်တယ်လို့ သံသယဖြစ်လို့ ဖမ်ဆီးသတ်ဖြတ်တာဖြစ်နိုင်တယ်လို့ ပြောပါတယ်။
စစ်တွေမြို့ စံပြရပ်ကွက်က ပြည်သူတယောက်ကိုလည်း ဇန်နဝါရီ ၂၀ ရက်မှာ စစ်ကောင်စီတပ်က ဖမ်းဆီးနှိပ်စက်သတ်ဖြတ်ခဲ့တယ်လို့ ဒေသခံတွေဆီကနေ သိရပါတယ်။