DVB Logo
Home
နိုင်ငံတကာ
တူရကီသမ္မတ၏ ပြိုင်ဘက်ကို ထောင်ချပြီးနောက် ဆန္ဒပြပွဲကြီးများနိုင်ငံအနှံ့ ဖြစ်ပွား
DVB
·
March 24, 2025
တူရကီသမ္မတ၏ ပြိုင်ဘက်ကို ထောင်ချပြီးနောက် ဆန္ဒပြပွဲကြီးများနိုင်ငံအနှံ့ ဖြစ်ပွား
Donate to DVB

တူရကီသမ္မတ ရီဆတ်တာယစ်အာဒိုဂန်ရဲ့ အဓိက ပြိုင်ဘက်ဖြစ်သူကို ဖမ်းဆီးထောင်ချပြီးတော့ အဂတိလိုက်စားမှုနဲ့ စွဲချက်တင်ခဲ့တာကြောင့် နိုင်ငံအနှံ့မှာ ၁၀ စုနှစ်တခုကျော်အတွင်း အကြီးမားဆုံး ဆန္ဒပြပွဲကြီးတွေ ဖြစ်ပွားနေပါတယ်။

နိုင်ငံရဲ့ စီးပွားရေးမြို့တော် အစ္စတန်ဘူလ်ရဲ့ မြို့တော်ဝန် အီကရမ် အီမာမိုဂလူဟာ အတိုက်အခံ ရီပတ်ဘလီကန်ပြည်သူ့ပါတီ (CHP) ရဲ့ ၂၀၂၈ သမ္မတရွေးကောက်ပွဲ သမ္မတလောင်းအဖြစ် မတ်လ ၂၃ ရက်မှာ ရွေးချယ်ခံရဖို့ သေချာနေသူ ဖြစ်ပါတယ်။

ဒါပေမဲ့ ပြီးခဲ့တဲ့ ဗုဒ္ဓဟူးနေ့မှာပဲ အီမာမိုဂလူကို ထိန်းသိမ်းလိုက်ပြီးတော့ တနင်္ဂနွေနေ့မှာတော့  စွဲချက်တင်၊ ရမန်ယူပြီးတော့ ထောင်ထဲထည့်လိုက်တာ ဖြစ်ပါတယ်။

စွပ်စွဲမှုတွေဟာ နိုင်ငံရေးအရ လုပ်ကြံတာသာဖြစ်ပြီး “ဘယ်တော့မှ ဦးမညွှတ်ဘူး”လို့ ရမန်ချုပ်ရက်ယူပြီး ထောင်ထဲမထည့်မီ အီမာမိုဂလူက လူမှုကွန်ရက် X မှာရေးသားခဲ့ပါတယ်။

အီမာမိုဂလူ စတင်ထိန်းသိမ်းခံရတည်းက အစ္စတန်ဘူလ်မြို့တော်ခန်းမရှေ့မှာ လူအုပ်ကြီးဟာ ညတိုင်း ဆန္ဒပြခဲ့ကြပြီး လုံထိန်းရဲတွေကလည်း မျက်ရည်ယိုဗုံးတွေ၊ ရေအမြောက်တွေနဲ့ နှိမ်နင်းခဲ့ပါတယ်။

အီမာမိုဂလူရဲ့ ဇနီးသည် ဒီလက်ကာယာက လူထုကို မိန့်ခွန်းပြောခဲ့ပြီး သူ့ခင်ပွန်း ရင်ဆိုင်ရတဲ့ မတရားမှုဟာ အပြစ်မရှိဘဲ ခံစားရတဲ့သူတိုင်းနဲ့ ထပ်တူကျတယ်လို့ ပြောကြားခဲ့ပါတယ်။ 

တူရကီရဲ့ စီရင်စု ၈၁ ခုနှစ်မှာ အနည်းဆုံး ၅၅ ခုမှာ ဆန္ဒပြပွဲတွေ ဖြစ်ပွားခဲ့တယ်လို့ AFP သတင်းက တွက်ချက်ဖော်ပြခဲ့ပါတယ်။

အစ္စတန်ဘူလ်မြို့တော်ဝန် အီမာမိုဂလူ အပါအဝင် နိုင်ငံရေးသမား၊ ဂျာနယ်လစ်နဲ့ စီးပွားရေးလုပ်ငန်းရှင် ၁၀၀ ကျော်ကို စုံစမ်းစစ်ဆေးပြီး ဖမ်းဆီးခဲ့တာဖြစ်ပါတယ်။

အီမာမိုဂလူကို ရာဇဝတ်အဖွဲ့အစည်းတွေ ထူထောင်၊ စီမံမှု၊ လာဘ်ယူမှု၊ ခြိမ်းခြောက်ငွေညှစ်မှု၊ ကိုယ်ရေးအချက်အလက်များ တရားမဝင် မှတ်တမ်းတင်မှု၊ တင်ဒါ မသမာမှုတွေနဲ့ စွဲချက်တင်ထားတာ ဖြစ်ပါတယ်။

လက်ရှိမှု အမှုမစစ်ဆေးမီ ရမန်ယူပြီး ထောင်မှာ အကျဉ်းချထားတာ ဖြစ်ပါတယ်။  မြို့တော်ဝန်ရာထူးကပါ ဆိုင်းငံ့လိုက်တယ်လို့လည်း ပြည်ထဲရေးဝန်ကြီးဌာနက ထုတ်ပြန်ပါတယ်။

တူရကီ အခြေခံဥပဒေအရ သမ္မတဟာ ဘွဲ့ရဖို့လိုတာကြောင့် အီမာမိုဂလူကို မဖမ်းခင်  တရက် အလိုကတည်းက သူ့ဘွဲ့လက်မှတ်ကို အစ္စတန်ဘူလ်တက္ကသိုလ်က ရုပ်သိမ်းခဲ့ပါသေးတယ်။ 

လက်ရှိသမ္မတ အာဒိုဂန်ဟာ ဝန်ကြီးချုပ်အနေနဲ့ရော​၊ သမ္မတအနေနဲ့ပါ တူရကီကို ၂၂ နှစ်ကြာ အုပ်ချုပ်လာခဲ့တာ ဖြစ်ပါတယ်။ 

Source: Reuters

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013