ကမ္ဘာ့ရှေးအကျဆုံးဖြစ်နိုင်တဲ့ သင်္ဘောပျက်တစင်းကို တူရကီကမ်းလွန်မှာ တွေ့ရှိထားတယ်လို့ ရှေးဟောင်းသုတေသနပညာရှင်တွေက အောက်တိုဘာ ၁၄ ရက်မှာ ပြောပါတယ်။
အန်တယ်လီယာဒေသ ကီကိုဗာကျွန်းအနီးက ဒီသင်္ဘောပျက်ဟာ နှစ်ပေါင်း ၄၄၀၀ ကနေ ၄၇၀၀ အထိ သက်တမ်းရှိမယ်လို့ ကနဦး ခန့်မှန်းထားပါတယ်။
ဒီကာလဟာ အီဂျစ်နိုင်ငံမှာ ဂီဇာပိရမစ်ကြီး တည်ဆောက်နေတဲ့ ကြေးခေတ်အစောပိုင်းနဲ့ တိုက်ဆိုင်ပါတယ်။
သစ်သားကိုယ်ထည် မကျန်တော့ပေမဲ့ ရေအနက် မီတာ ၃၀ မှာ ကုန်ပစ္စည်းထည့်တဲ့ မြေအိုး ၃၀ ကျော်နဲ့ ကျောက်ဆူးကြီးသုံးခုကို တွေ့ရှိခဲ့ပါတယ်။
မြေအိုးပုံစံတွေကို အီဂျစ်နဲ့ အရှေ့အလယ်ပိုင်းမှာ တွေ့ရှိထားတဲ့ သက်တမ်းသိပြီးသား အိုးတွေနဲ့ နှိုင်းယှဉ်ပြီး သင်္ဘောရဲ့သက်တမ်းကို ခန့်မှန်းခဲ့တာ ဖြစ်ပါတယ်။
သုတေသနအဖွဲ့ခေါင်းဆောင် ဟာကန် အိုနစ်ဇ်က “ဒီသင်္ဘောပျက်ဟာ ပင်လယ်ကြမ်းပြင်မှာ အတိတ်သမိုင်းကို သိမ်းဆည်းထားတဲ့ သေတ္တာတလုံးလို ဖြစ်ပါတယ်” လို့ ပြောပါတယ်။
အံ့ဩစရာကတော့ မြေအိုးတချို့ မပျက်မစီး ကျန်ရှိနေပြီး အိုးထဲမှာ ထည့်ထားခဲ့တဲ့ ပစ္စည်းအကြွင်းအကျန်တွေကိုပါ တွေ့ရှိခဲ့ရပါတယ်။
အဲဒီအကြွင်းအကျန်တွေဟာ သံလွင်ဆီ၊ ဝိုင် ဒါမှမဟုတ် သစ်စေး ဖြစ်နိုင်ပေမဲ့ အတိအကျသိနိုင်ဖို့ စစ်ဆေးနေဆဲ ဖြစ်ပါတယ်။
အရှည် ၁၀ မီတာလောက်ရှိတဲ့ ဒီသင်္ဘောဟာ မြေထဲပင်လယ်ကို ဖြတ်ကူးကုန်သွယ်ခဲ့တယ်လို့ သုတေသီတွေက ယူဆပါတယ်။
တွေ့ရှိတဲ့ ရှေးဟောင်းပစ္စည်းတွေကို အန်တယ်လီယာမြို့မှာ ဖွင့်လှစ်မဲ့ ရေအောက် ရှေးဟောင်းသုတေသန ပြတိုက်သစ်မှာ ပြသဖို့ စီစဉ်ထားပါတယ်။











