DVB Logo
Home
နိုင်ငံတကာ
ပုပ်ရဟန်းမင်းကြီး ဆေးရုံဆင်းပြီးနောက် ၂ လကြာ အနားယူရဦးမည်
DVB
·
March 24, 2025
ပုပ်ရဟန်းမင်းကြီး ဆေးရုံဆင်းပြီးနောက် ၂ လကြာ အနားယူရဦးမည်
Donate to DVB

အီတလီနိုင်ငံ၊ ရောမမြို့မှာရှိတဲ့ ဂျင်မ်မယ်လီဆေးရုံကနေ ဆင်းလာခဲ့ပြီးနောက် ပုပ်ရဟန်းမင်းကြီး ဖရန့်စစ်(စ်)ကို အနည်းဆုံး ၂ လလောက် အနားယူဖို့လိုအပ်ကြောင်း ဆရာဝန်တွေအနေနဲ့ အတည်ပြုပါတယ်။

အသက် ၈၈ နှစ်အရွယ် ပုပ်ရဟန်းမင်းကြီးဟာ အခန်းပြတင်းပေါက်ကနေ ဆုတောင်းပေးသူတွေကို ပထမဆုံးအကြိမ် ကောင်းချီးပေးပြီးနောက် တရက်တည်းမှာတင် ဆေးရုံဆင်းခွင့်ရခဲ့ပါတယ်။

ဖေဖော်ဝါရီ ၁၄ ရက်မှာ ဆေးရုံစတက်ခဲ့ရတဲ့ ပုပ်ရဟန်းမင်းကြီးက နမိုးနီးယား အဆုတ်ရောင်ရောဂါကို ၅ ပတ်တာ ကုသမှုခံယူခဲ့ရတာ ဖြစ်ပါတယ်။

အခုလိုမျိုး ကုသပေးခဲ့တဲ့ ဒေါက်တာဆာဂျီယိုအဲလ်ဖီရာရီ ကတော့ ပုပ်ရဟန်းမင်းကြီးဟာ “အသက်အန္တရာယ်ရှိပြီး အလွန်အရေးကြီးတဲ့ အခြေအနေနှစ်ရပ်နဲ့” ကြုံခဲ့ရတယ်လို့  ပြန်ပြောပြပါတယ်။

ပုပ်ရဟန်းမင်းကြီးဟာ အလုံးစုံပျောက်ကင်းသွားတာမျိုး မဟုတ်သေးပေမဲ့လည်း နမိုးနီးယားတော့ မရှိတော့ဘူးဆိုပြီး ဖော်ပြထားပါတယ်။ ဒါကြောင့် လက်ရှိအခြေအနေအတိုင်း ဆက်သွားမယ်ဆိုရင် မကြာခင်မှာ အလုပ်တွေ ပြန်လုပ်နိုင်လိမ့်မယ်လို့ ဆရာဝန်တွေအနေနဲ့ ပြောကြားပါတယ်။

ရောမမြို့တော်ဝန် ရော်ဘတ်တိုဂွါလ်တီယာရီကလည်း “ပုပ်ရဟန်းမင်းကြီး ဆေးရုံဆင်းရတာကို မြင်ရတဲ့အတွက် အမှန်တကယ် ဝမ်းသာရသလို စိတ်လှုပ်ရှားစရာလည်း ဖြစ်ခဲ့ပါတယ်” ဆိုပြီး မှတ်ချက်ပြုပါတယ်။

“ဒါက ကမ္ဘာကြီးအတွက်ရော၊ မြို့တော်အတွက်ပါ ကြီးမားတဲ့ လက်ဆောင်တခုပါ။ ကျနော်တို့ ကိုယ်တော့်ကို အားပေးနေတဲ့အပြင် နီးနီးကပ်ကပ် ရှိနေတယ်လို့ပါ ခံစားရပါတယ်” ဆိုပြီး ဖြည့်စွက်ပြောပါတယ်။

ဒီလိုမျိုး ဆေးရုံတက်နေစဉ်ကာလအတွင်း ပုပ်ရဟန်းမင်းကြီးကို တကြိမ်သာ တွေ့ခွင့်ရခဲ့ကြပြီး ဒါကလည်း ပြီးခဲ့တဲ့အပတ်မှာ ဗာတီကန်နန်းတော်ရဲ့ ဓာတ်ပုံထုတ်ပြန်ချက်သာ ဖြစ်ပါတယ်။

အခုလ အစောပိုင်းတုန်းက ပုပ်ရဟန်းမင်းကြီး မရှိတဲ့အလျောက် သူအသံသွင်းထားတဲ့ မိန့်ခွန်းတခုကိုသာ စိန့်ပီတာ ရင်ပြင်မှာ ဖွင့်ပြခဲ့ရပါတယ်။

ပုပ်ရဟန်းမင်းကြီးရဲ့အသံဟာ အသက်ရှူရခက်နေတဲ့ပုံစံမျိုးနဲ့ ကက်သလစ်ဘာသာဝင်တွေရဲ့ ဆုတောင်းပေးမှုများစွာအတွက် ကျေးဇူးတင်ကြောင်းပြောဆိုခဲ့တာပါ။

၂၀၁၃ ခုနှစ်ကစလို့ ပုပ်ရဟန်း မင်းကြီး ဖရန့်စစ်(စ်)ဟာ ရောမကက်သလစ်အသင်းတော်ရဲ့  ဦးသျှောင်တာဝန်ကို ထမ်းရွက်လာခဲ့တာ ၁၂ နှစ် ရှိပြီ ဖြစ်ပါတယ်။

အသက် ၂၁ နှစ်အရွယ်မှာ အဆုတ်ရဲ့ အစိတ်အပိုင်းတချို့ ဖယ်ရှားခဲ့ရတာကြောင့် အခုလိုမျိုး ရောဂါပိုးဝင်လွယ်တဲ့ အခြေအနေအပါအဝင် ကျန်းမာရေးပြဿနာမျိုးစုံနဲ့  တောက်လျှောက် ရင်ဆိုင်နေရတာ ဖြစ်ပါတယ်။

Source: Reuters

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013