
ကနေဒါနိုင်ငံတဝန်း အထွေထွေရွေးကောက်ပွဲကို မူလသတ်မှတ်ချိန်ထက်စောပြီး လာမယ့် ဧပြီ ၂၈ ရက်မှာ ကျင်းပမယ်လို့ ဝန်ကြီးချုပ်သစ် မာခ့်ကာနေးက ကြေညာလိုက်ပါတယ်။
"ကျုပ်တို့ကို ဖြိုခွဲပြီးတော့ အမေရိကပိုင်လုပ်လိုတဲ့" ဒေါ်နယ်ထရမ့်ပ်ရဲ့ ခြိမ်းခြောက်မှုကို ရင်ဆိုင်ဖို့ အားကောင်းတဲ့ လုပ်ပိုင်ခွင့်အာဏာမျိုးလိုအပ်တယ်လို့လည်း ဝန်ကြီးချုပ်ကာနေးက မတ် ၂၃ ရက် ရွေးကောက်ပွဲ ကြေညာချိန်မှာ ပြောကြားခဲ့ပါတယ်။
ထရမ့်ပ်က ကနေဒါအပေါ် စည်းကြပ်ခွန်တွေ ချမှတ်ခဲ့တဲ့အပြင် အမေရိကန်ရဲ့ ၅၁ ပြည်နယ်မြောက်အဖြစ် သိမ်းသွင်းမယ်လို့ ခြိမ်းခြောက်ခဲ့အပြီးမှာ ကာလရှည်မဟာမိတ် နှစ်နိုင်ငံအကြား ဆက်ဆံရေးဆိုးရွားလာခဲ့တာဖြစ်ပါတယ်။
ပုံမှန်အားဖြင့် အောက်တိုဘာ ၂၀ ရက်မှသာ ရွေးကောက်ပွဲ ကျင်းပရမှာဖြစ်ပေမဲ့ အာဏာရ လစ်ဘရယ်ပါတီအပေါ် လူထုထောက်ခံမှုကျဆင်းနေရာကနေ ဇန်နဝါရီနောက်ပိုင်း တဟုန်ထိုးပြန်တက်လာချိန်ကို အရအမိ အသုံးချပြီး ရွေးကောက်ပွဲ စောခေါ်တာဖြစ်ပါတယ်။
မတ် ၁၄ ရက်ကမှ ဝန်ကြီးချုပ်အဖြစ် ကျမ်းကျိန်ခဲ့တဲ့ ကာနေးက ထရမ့်ပ်နဲ့ လက်တွဲလုပ်နိုင်သလို လေးစားတယ်လို့လည်း ပြောထားခဲ့ပါတယ်။ ဒါပေမဲ့ ရွေးကောက်ပွဲ ကျင်းပမယ့်အချိန်မှာတော့ ပိုတင်းမာတဲ့ ရပ်တည်ချက်ကို ကြေညာခဲ့တာ ဖြစ်ပါတယ်။
ဝန်ကြီးချုပ် ကာနေးက “သမ္မတ ထရမ့်ပ်ရဲ့ မမျှတတဲ့ ကုန်သွယ်ရေး အရေးယူ ဆောင်ရွက်ချက်တွေ၊ ကျုပ်တို့ အချုပ်အခြာအာဏာပိုင်မှုအပေါ် ခြိမ်းခြောက်မှုတွေကြောင့် ကျုပ်တို့ဘဝသက်တမ်းတလျှောက် အကြီးကျယ်ဆုံး အကျပ်အတည်းနဲ့ ရင်ဆိုင်နေရပါတယ်”လို့ သတင်းထောက်တွေကို ပြောပါတယ်။
ကာနေးဟာ ရွေးကောက်ပွဲ ကျင်းပဖို့အတွက် နိုင်ငံ့ဦးသျှောင်ဖြစ်တဲ့ ချားစ်ဘုရင်ရဲ့ ကိုယ်စားလှယ်၊ ကနေဒါဘုရင်ခံချုပ်ထံက ခွင့်ပြုချက်ရရှိအပြီးမှာ အခုလို ပြောခဲ့တာဖြစ်ပါတယ်။
ဝန်ကြီးချုပ် ကာနေးက “ကျုပ်တို့ရဲ့ တုံ့ပြန်မှုက အားကောင်းတဲ့ စီးပွားရေးတည်ဆောက်ပြီးတော့ ကနေဒါကို ပိုလုံခြုံအောင်လုပ်ဖို့ပါ။ သမ္မတ ထရမ့်ပ်က ကနေဒါဟာ တကယ့်နိုင်ငံမဟုတ်ဘူးလို့ ပြောထားပါတယ်။ သူက ကျုပ်တို့ကို ဖြိုခွဲပြီး အမေရိကပိုင် လုပ်ချင်တာပါ။ ဒီလိုအဖြစ်ခံလို့ မရပါဘူး” လို့ ပြောပါတယ်။
ထရမ့်ပ်ဟာ ကနေဒါကုန်စည်အချို့ပေါ် စည်းကြပ်ခွန် ၂၅ ရာခိုင်နှုန်း ကောက်တာကို မတ် ၆ ရက်မှာ တလ ဆိုင်းငံ့ထားပါတယ်။
အဲဒီနောက်ပိုင်းမှာ သံမဏိနဲ့ အလူမီနီယံ တင်သွင်းမှုတွေအပေါ် စည်းကြပ်ခွန် ချမှတ်ခဲ့သလို ဧပြီ ၂ ရက်ကျရင် ကနေဒါ နို့ထွက်ပစ္စည်းနဲ့ သစ်တောထွက်ပစ္စည်းတွေ အပါအဝင် ထပ်တိုးကုန်စည်တွေ အပေါ် လက်တုံ့ပြန် စည်းကြပ်ခွန်ထပ်ကောက်မယ်လို့ ခြိမ်းခြောက်ထားပါတယ်။
Source: Reuters