
စစ်အာဏာသိမ်းပြီးနောက် ရိုက်ကူးထားတဲ့ မြန်မာ့မှတ်တမ်းရုပ်ရှင်တွေပြသမယ့် DVB Peacock Film Festival ကို သြစတြေးလျနိုင်ငံ၊ ဆစ်ဒနီမြို့မှာ မတ် ၂၉ ရက်နေ့ ဒေသစံတော်ချိန် မနက် ၉ နာရီကနေ ညနေ ၅ နာရီခွဲအထိ ကျင်းပမှာ ဖြစ်ပါတယ်။
မြန်မာနိုင်ငံမှာ စစ်အာဏာသိမ်းမှုနောက်ပိုင်း ပြည်သူတွေ ရင်ဆိုင်ကြုံတွေ့နေရတဲ့ လူ့အခွင့်အရေး ချိုးဖောက်ခံရမှုတွေကို ရိုက်ကူးထားတဲ့ မှတ်တမ်းရုပ်ရှင်တွေကို ကမ္ဘာမှာ အသံကျယ်ကျယ်လောင်လောင် ကြားသိလာနိုင်ဖို့ ရည်ရွယ်ပြီး ဒီရုပ်ရှင်ပွဲတော် ကျင်းပတာ ဖြစ်ပါတယ်။
ဒီပွဲတော်ကို DVB၊ Myanmar Campaign Network နဲ့ ဆစ်ဒနီနည်းပညာတက္ကသိုလ်တို့ ပူးပေါင်း စီစဉ်ကျင်းပတာလည်း ဖြစ်ပါတယ်။
ပွဲတော်မှာ မှတ်တမ်းရုပ်ရှင်ပြသတာအပြင် ဆွေးနွေးပွဲတွေကိုလည်း ထည့်သွင်းကျင်းပသွားမှာ ဖြစ်ပြီး မနက်ပိုင်း ရုပ်ရှင်ပြသအပြီးမှာ The Road to Democracy in Burma ခေါင်းစဉ်နဲ့ ပရော်ဖက်ဆာ ရှောင်တာနယ်၊ ပရော်ဖက်ဆာ ဒေါ်ထွေးထွေးသိန်းတို့က ဦးဆောင်ဆွေးနွေးမှာ ဖြစ်ပြီး ABC သတင်းဌာနက သတင်းထောက် Libby Hogan က ဆွေးနွေးပွဲကို ပံ့ပိုးကူညီပေးသွားမှာ ဖြစ်ပါတယ်။
နေ့ခင်းပိုင်း ရုပ်ရှင်ပြသအပြီးမှာလည်း DVB သတင်းထောက် မခင်ရူပါနဲ့အတူ မြန်မာ Documentary Filmmaker တယောက်၊ SBS က Dateline Executive Producer Georgina Davies တို့က မြန်မာနိုင်ငံမှာ ပြည်တွင်း ပြည်ပက သတင်းသမားတွေရဲ့ သတင်းရယူ မှတ်တမ်းတင်နေကြရတဲ့ အခြေအနေတွေနဲ့ ပတ်သက်ပြီး ဆွေးနွေးသွားမှာဖြစ်ပြီး SBS က Commissioning Editor Tinzar Lwyn က ဆွေးနွေးပွဲကို ပံ့ပိုးကူညီပေးသွားမှာ ဖြစ်ပါတယ်။
DVB Peacock Film Festival ရုပ်သံမှတ်တမ်းပြပွဲ မနက်ပိုင်းမှာ The Heart of Yangon, The Wingless Bird, Silent Heroes, Step Forwards, The One Who Laughs Revolts နဲ့ Towards Light (Winner) ရုပ်ရှင်တွေ ပြသသွားမှာ ဖြစ်ပါတယ်။
နေ့လယ်ပိုင်းမှာတော့ Section 3B, C, D, Again and Again, Tomorrow of Loikaw, Unsettling Truth, A Deserter Who Won’t Run Anymore, Mothers from the Crescent Land, From the Northeast Gate, Waaah နဲ့ Phoe Thar ဇာတ်ကားတွေ ပြသသွားမှာ ဖြစ်ပါတယ်။
ဆစ်ဒနီမြို့မှာ မြန်မာ့ဒီမိုကရေစီသမိုင်းမှတ်တမ်း ရုပ်ရှင်တွေကို ကြည့်ရှုနိုင်ဖို့အတွက် DVB Peacock Film Festival ဖေ့စ်ဘွတ်ခ်စာမျက်နှာနဲ့ Burmese Film Festival in Sydney Event Page တွေကနေတဆင့်လည်း အချက်အလက်တွေကို လေ့လာနိုင်ပြီး လက်မှတ်တွေကို ကြိုတင်မှာယူနိုင်ပြီ ဖြစ်ပါတယ်။
DVB Peacock Film Festival မှာ ပြသခဲ့တဲ့ မြန်မာ့ဒီမိုကရေစီလှုပ်ရှားမှု မှတ်တမ်းရုပ်ရှင်တွေကို နိုင်ငံတကာမှာလည်း ပြသနိုင်အောင် DVB က စီစဉ်နေပြီး လက်ရှိအချိန်ထိ နော်ဝေ၊ ဆွီဒင်၊ ချက်၊ အိုင်ယာလန်၊ နယူးဇီးလန် စတဲ့ ဥရောပနိုင်ငံတွေမှာလည်း ပြသခဲ့ပြီးဖြစ်သလို ဩစတြေးလျနဲ့ တခြားနိုင်ငံတွေမှာလည်း ဆက်လက် ပြသနိုင်ဖို့ စီစဉ်နေပါတယ်။