DVB Logo
Home
မြန်မာသတင်း
တီးတိန်မြို့က ဒုတပ်ကြပ် ၁ ဦး လက်နက်ခဲယမ်းနှင့် အလင်းဝင်
DVB
·
March 24, 2025
တီးတိန်မြို့က ဒုတပ်ကြပ် ၁ ဦး လက်နက်ခဲယမ်းနှင့် အလင်းဝင်
Donate to DVB

ချင်းပြည်နယ်၊ တီးတိန်မြို့က စစ်ကောင်စီတပ်ဖွဲ့ဝင် ဒုတပ်ကြပ်တယောက်ဟာ လက်နက်ခဲယမ်းတွေနဲ့ အတူ မတ် ၁၉ ရက်မှာ အလင်းဝင်ရောက်လာတယ်လို့ PDF Zoland က မတ် ၂၂ ရက်မှာ ထုတ်ပြန်​ပါတယ်။

PDF Zoland ရဲ့ ပြန်ကြားရေးတာဝန်ခံက “တီးတိန်အခြေစိုက်တဲ့ ခလရ ၂၆၉ တပ်ရင်းမှာ တွဲဖက်တာဝန်ကျနေတဲ့ ဒုတပ်ကြပ်တဦးက သူအခွင့်ရတဲ့အချိန် လက်နက်ခဲယမ်းတွေ သယ်လာပြီးတော့ သူ့တပ်ရင်းကနေ ထွက်ပြေးလာပြီး ဒီဘက်ကို အလင်းဝင်လာခဲ့တာ ဖြစ်တယ်။ သူ့ကို ထိုက်သင့်တဲ့ ဆုကြေးငွေ ပေးပြီးတော့ လုံခြုံတဲ့နေရာကို ပို့ပေးထားပြီးဖြစ်တယ်” လို့ DVB ကို ပြောပါတယ်။

အလင်းဝင်ရောက်လာသူဟာ အသက် ၃၆ နှစ်အရွယ် ဒုတပ်ကြပ် မင်းစိုး၊ ကိုယ်ပိုင်အမှတ် -  တ/၅၇၄၆၅၈ ဖြစ်ကာ သူ့ရဲ့ မိခင်တပ်ဟာ ဟားခါးအခြေစိုက် ခလရ ၂၆၆ တပ်ရင်းကနေ တီးတိန်အခြေစိုက် ခလရ ၂၆၉ မှာ တွဲဖက်တာဝန်ထမ်းဆောင်နေသူတယောက်ဖြစ်ကာ MA သေနတ် ၁ လက်၊ ကျည်ဘောက် ၆ ခု၊ လက်ပစ်ဗုံး ၁ လုံး၊ ကျည်ဆန်တွေ အပါအဝင် စစ်အသုံးအဆောင်ပစ္စည်းတချို့နဲ့အတူ အလင်းဝင်ရောက်လာခဲ့တာလို့ ဆိုပါတယ်။

PDF Zoland ရဲ့ အတွင်းရေးမှူး ဦးရောဘတ်က “ကျနော်တို့ PDF Zoland အနေနဲ့ ချင်းပြည်မြောက်ပိုင်းမှာ နောက်ဆုံးလှိုင်းဖြစ်တဲ့ တီးတိန်မြို့သိမ်းတိုက်ပွဲ ဆင်နွှဲဖို့ ပြင်ဆင်ထား​တာတွေလည်း ရှိပါတယ်။ အရင်ကလည်း ထုတ်ပြန်ပြောဆိုပြီးပြီပေါ့နော်။ အဲဒီတော့ စစ်ကောင်စီတပ်အောက်က စစ်သားတွေအနေနဲ့ တီးတိန်မြို့သိမ်းစစ်ဆင်ရေး မစတင်ခင် ရတဲ့အချိန်မှာ မိမိအသက်ကို မိမိနှမြောကျရင်တော့ အချိန်မရွေး အလင်းဝင်လာကြဖို့ ဖိတ်ခေါ်ထားတယ်။ သူတို့အနေနဲ့က ကိုယ့်အသက်ကို မနှမျောကြရင်တော့ အလင်းမဝင်ကြနဲ့ပေါ့” လို့ပြောပါတယ်။

ချင်းပြည်မြောက်ပိုင်း နောက်ဆုံးလှိုင်းမှာ ပါဝင်ထောက်ပို့တာတွေအပြင် မြေပြင်မှာလည်း PDF Zoland အဖွဲ့နဲ့အတူ နိုင်ငံ့တာဝန် ထမ်းဆောင်ဖို့အတွက် သင်တန်းသူ၊ သင်တန်းသားအသစ်တွေ လက်ခံနေပြီဖြစ်လို့ လူငယ်တွေအနေနဲ့ စစ်ကောင်စီတပ်ကို တွန်းလှန်ဖို့ စာရင်းပေးသွင်းနိုင်ပြီ ဖြစ်တယ်လို့လည်း သူက ဆက်ပြောပါတယ်။

ပြီးခဲ့တဲ့ ဖေဖော်ဝါရီ ၂၅ ရက်ကလည်း တီးတိန်အခြေစိုက် ခလရ ၂၆၉ တပ်ရင်းက တပ်ကြပ်ကြီး မင်းမင်း (တ ၃၆၆၅၀၇) ဟာ ခဲယမ်းတွေနဲ့အတူ PDF Zoland ဆီကို အလင်းဝင်ရောက်ခဲ့ပါသေးတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013