DVB Logo
Home
မြန်မာသတင်း
လားရှိုးတွင် ပြည့်တန်ဆာလုပ်ငန်းကို တရားဝင်လုပ်ခွင့်ပြု
DVB
·
March 24, 2025
လားရှိုးတွင် ပြည့်တန်ဆာလုပ်ငန်းကို တရားဝင်လုပ်ခွင့်ပြု
Donate to DVB

ကိုးကန့်တပ်ဖွဲ့ MNDAA ထိန်းချုပ်ရာ လားရှိုးမြို့မှာ ပြည့်တန်ဆာလုပ်ငန်းကို စီးပွားရေးတခုအနေနဲ့ လွတ်လွတ်လပ်လပ် ခွင့်ပြုထားကြောင်း ဒေသခံတွေဆီက သိရပါတယ်။

MNDAA တပ်ဖွဲ့နဲ့ နီးစပ်သူတယောက်က “အရင် စကစ လက်ထက်ကလို အသွင်ယူပြီး ဖမ်းတာတို့ ဘာတို့ အဲလိုမျိုး မရှိပါဘူး။ လွတ်လွတ်လပ်လပ်ပဲ သူတို့ စီးပွားရေး၊ စီးပွားရေးတခုအနေနဲ့ အဲဒီလိုပဲ လုပ်ကိုင်နေကြပါတယ်” လို့ ပြောပါတယ်။

ပြည့်တန်ဆာလုပ်ငန်း လုပ်မယ့်သူတွေ အပါအဝင် Entertainment Service လုပ်မယ့်သူတွေကို ဆေးရုံကနေ ဆေးစစ်ပြီး ကျန်းမာရေးကတ်တွေ ထုတ်ပေးကာ ကျန်းမာရေးကတ်တွေ ရှိမှသာ အဲဒီအလုပ် လုပ်လို့ရတယ်လို့ သူက ပြောပါတယ်။

ပြည့်တန်ဆာလုပ်ငန်းကို တရားဝင်ခွင့်ပြုပါတယ်ဆိုပြီး စာထုတ်ထားတာလည်း မရှိ‌ပေမဲ့ KTV ၊ ပြည့်တန်ဆာလုပ်ငန်းတွေက လုပ်နေကြပြီး အသစ်ထပ်တိုးတာမရှိဘဲ အရင်ကတည်းက ရှိနေတဲ့ ဆိုင်တွေသာ ပြန်ဖွင့်တာဖြစ်တယ်လို့ သူက ပြောပါတယ်။

လားရှိုးမှာ ပြည့်တန်ဆာလုပ်ငန်းတွေကို လမ်းညွှန်ဆိုင်းဘုတ်တွေနဲ့ ပေါ်ပေါ်တင်တင် ခွင့်ပြုနေတာ ဟုတ်မှန်ပြီး ထိုင်းနိုင်ငံလိုမျိုး သီးသန့်နေရာတွေ လုပ်ပေးထားတယ်လို့ သိရကြောင်း လားရှိုးမြို့ခံ လူငယ်တယောက်က ပြောပါတယ်။

“မြန်မာနိုင်ငံသားတယောက်အနေနဲ့ လက်မခံနိုင်ပေမဲ့ အရင်လို လိုင်းကြေးပေးပြီး တရားမဝင် ဆိုင်ပုန်းတွေ ဖွင့်နေတာထက်စာရင် အခုလို ကျန်းမာရေးထိန်းချုပ်မှုတွေ ရှိတယ်၊ တရားဝင် အခွန်ကောက်ပြီး ထိန်းချုပ်နိုင်တာတော့ ပိုကောင်းသွားတာပေါ့။ ဗုဒ္ဓဘာသာနိုင်ငံ ဆိုပေမဲ့လို့ အိမ်နီးချင်း ထိုင်းနိုင်ငံမှာလို ဒီလို ပြည့်တန်ဆာလုပ်ငန်းတွေကို အပြည့်အဝ ထိန်းချုပ်နိုင်တာ၊ တရားဝင်ခွင့်ပြုသင့်တယ်၊ မသင့်ဘူးတော့ အားလုံးရဲ့အမြင်ပေါ် မူတည်ပါတယ်။”

လားရှိုးမြို့အပြင် မူဆယ်မြို့မှာလည်း ပြည့်တန်ဆာ လက်ကမ်းကြော်ငြာတာတွေ၊ အပြင်မှာ ဆိုင်းဘုတ်နဲ့ ထောင်တာတွေ ဟိုအရင်ကတည်းက အရမ်းများတယ်လို့ လားရှိုးဒေသခံ အမျိုးသားတယောက်ကလည်း ပြောပါတယ်။

နောက်ထပ် ဒေသခံ လူငယ်တယောက်ကလည်း “လူငယ်တယောက် အနေနဲ့ ဆိုရင်တော့ ဒီလိုမျိုးတွေကို လိုင်စင်နဲ့ ချပေးပြီးတော့မှ ဒီကလေးမတွေအတွက်လည်း Cover တခု ရတာပေါ့နော်။ မဟုတ်ရင်ကျတော့ စကစ ထိန်းချုပ်နယ်မြေတွေမှာလို ဘယ်အချိန် ဝင်ဖမ်းမယ်မှန်း မသိ၊ သူတို့ဘဝတွေက ကြောက်ကြောက်လန့်လန့်နဲ့ လုပ်နေရတာမျိုးကျတော့ အဆင်မပြေဘူးပေါ့နော်။ နောက်ပြီးတော့ အခု ဒီလို သူတို့ကို ဆေးစစ်ပေးတာတွေ ဘာတွေရော ကျန်းမာရေးရှုထောင့်ကနေ ကြည့်ရင် ဒါ ကောင်းတဲ့ရလဒ် တခုပါပဲဗျာ” လို့ ပြောပါတယ်။

ကျန်းမာရေးစစ်ဆေးချိန် အလုပ်က မန်နေဂျာတွေ လိုက်လာရပြီး ဆေးကျရင်တော့ ဆေးကုသရကာ ဆေးကုသနေချိန် အလုပ်လုပ်လို့ မရဘူးလို့ သိရကြောင်း သူက ပြောပါတယ်။

ဒေသခံအမျိုးသားတယောက်က “အခွန်က ယွမ်နဲ့တွက် ဆောင်ရတာပါ။ လုပ်ငန်းအပေါ် မူတည်ပြီး ရာခိုင်နှုန်း ကွာသွားတယ်လို့ သိရပါတယ်” လို့ ပြောပါတယ်။

လားရှိုးမြို့က ပြည့်တန်ဆာလုပ်ငန်း အပါအဝင် ဖျော်ဖြေရေးလုပ်ငန်းတွေကိုတော့ ကိုးကန့် MNDAA နဲ့ တရုတ်လုပ်ငန်းရှင်တွေက ချုပ်ကိုင်ထားပြီး စစ်ကောင်စီရဲ့ အမှတ် ၉၅၉ စစ်မြေပြင် အင်ဂျင်နီယာတပ်ရင်းရှိ အရာရှိရိပ်သာ လိုင်းခန်းတွေ၊ ဝန်ထမ်းအိမ်ရာတွေ အပါအဝင် ရပ်ကွက် ၁၂၊ ရပ်ကွက် ၈ အပြင် တရုတ်ဘုံကျောင်း အောက်ဘက်တွေမှာလည်း ဖွင့်လှစ်ထားကာ အဲဒီ ပြည့်တန်ဆာလုပ်ငန်းတွေကို MNDAA ခွင့်ပြုချက်ရယူပြီး အခွန် ၂၀ ရာခိုင်နှုန်း ပေးဆောင်ရပါတယ်။

လားရှိုးမြို့ရှိ ဖျော်ဖြေရေးဝန်ထမ်းတွေကို ပုံမှန်ဆေးစစ်ပေးခြင်းဖြင့် ကူးစက်ရောဂါပြန့်ပွားမှုကို တားဆီးကာကွယ်နိုင်ဖို့ ရည်ရွယ်ပြီး ကျန်းမာရေးဌာနမှာ မတ် ၁၃ ရက်ကစ KTV ၊ အနှိပ်ခန်းတွေက ဖျော်ဖြေရေးဝန်ထမ်းတွေအတွက် အသည်းရောင်အသားဝါ ဘီပိုး၊ စီပိုး၊ HIV ပိုး၊ ကာလသားရောဂါ၊ TB ရောဂါတွေ ရှိ၊ မရှိ ဆေးစစ်ပေးကာ ကာလသားရောဂါရှိသူတွေကို ဆေးကုသပေးကြောင်း၊ ၃ လ တကြိမ် သွေးပြန်စစ်ဖို့ လိုအပ်ပြီး သွေးစစ်တဲ့ အဖြေကောင်းမှသာ (Infection screening card for Entertainment service) ကတ် ပြန်လည်ထုတ်ပေးကြောင်း ကိုးကန့် MNDAA ဘက်က သတင်းထုတ်ထားပါတယ်။

Photo: The Kokang

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013