
ဧရာဝတီတိုင်း၊ ရေကြည်နဲ့ လေးမျက်နှာအစပ်က ကျေးရွာတွေမှာ သင်္ကြန်ကာလထဲ စစ်အာဏာရှင်တပ်တွေ စစ်ကြောင်းထိုးလို့ အာရက္ခတပ်တော် (AA) တပ်တွေနဲ့ တိုက်ပွဲတွေဖြစ်ခဲ့ပြီး စစ်တပ်ဘက်က စစ်မှုထမ်းသစ်တွေ အပါအဝင် တပ်ကူအင်အား ဖြည့်တင်းနေလို့ စစ်ရေးတင်းမာနေပါတယ်။
ရေကြည်နဲ့ လေးမျက်နှာအစပ်က ကျေးရွာတွေကို စစ်တပ်က စစ်ကြောင်းထိုးတာကြောင့် ဧပြီလ ဒုတိယအပတ်ထဲ တိုက်ပွဲတွေ ပြင်းပြင်းထန်ထန် ဖြစ်ပွားခဲ့တယ်လို့ ဒေသခံတွေက ပြောကြပါတယ်။
အထူးသဖြင့် အမတ ၃၄၄ ဝန်းကျင်နဲ့ ပုသိမ်-မုံရွာကားလမ်းမပေါ် ရေကြည်မြို့နယ်ထဲက စက်စက်ယိုကျေးရွာနဲ့ လေးမျက်နှာမြို့နယ်ထဲက ပန်းတောကြီးရွာကြားက နေရာတွေမှာ တိုက်ပွဲဖြစ်ခဲ့တာလို့ သိရပါတယ်။
ဧပြီ ၁၆ ရက်ထိ သတင်းတွေအရ စစ်တပ်က စက်စက်ယိုရွာအထိ ရောက်ရှိနေပြီး အာရက္ခတပ်တော် (AA) နဲ့ ပြည်သူ့ကာကွယ်ရေးတပ် (PDF) ပူးပေါင်းတပ်တွေက ပန်းတောကြီးကျေးရွာဝန်းကျင်မှာ နေရာယူတာ ရှိတယ်လို့ လေးမျက်နှာမြို့နယ်မှာ နေထိုင်တဲ့ ဒေသခံက ပြောပါတယ်။
လေးမျက်နှာဒေသခံ ရပ်မိရပ်ဖ အမျိုးသားတယောက်က “ပြီးခဲ့တဲ့ရက်ကတော့ ရှိတယ် တိုက်ပွဲတွေက။ ပန်းတောကြီးဆိုတဲ့ရွာမှာ AA နဲ့ PDF ပူးပေါင်းအဖွဲ့ကလေ။ ဒီမှာ အခုမှ သင်တန်းဆင်းတဲ့ ရဲဘော်တွေ ဘာတွေ ပါတော့ သူတို့က တိုက်လို့မရဘူး အဲဒါကျတော့။ လက်နက်ကြီးနဲ့တော့ လှမ်းလှမ်းပစ်နေတယ်။ စက်စက်ယိုကတော့ မရှိတော့ဘူး။ တပ်က စက်စက်ယိုထိ ရောက်နေပြီ။ ရောက်နေတော့ အဲဒီနောက်ကျော တောင်ကြောတွေထဲမှာတော့ မပြောတတ်ဘူးပေါ့။ တပ်ကလည်း ပန်းတောကြီးဘက်ကို မသွားဘူး။ အဲဒီတိုင်းပဲထားလိုက်တယ်။ ဆီဆုံကုန်းမှာပဲ သူတို့ထိုင်ထားတာလေ၊ ထိုင်ထားပြီး အရှေ့ကိုမသွားဘူး။ သူတို့ (စစ်တပ်) လည်း ဒီဘက် (ပန်းတောကြီး) ကို တက်လာလို့မရဘူး။ ဒီဘက်မှာက ကိုင်းကွင်းအကျယ်ကြီးတွေလေ” လို့ ပြောပါတယ်။
တိုက်ပွဲတွေ ပြင်းထန်လာတာနဲ့အတူ စစ်တပ်ဟာ ဧရာဝတီတိုင်းထဲ တခြားမြို့နယ်တွေက စစ်အင်အားတွေကို လေးမျက်နှာမြို့နယ်ထဲနဲ့ အင်္ဂပူမြို့နယ်ထဲက တတက ၅ ခေါ် စစ်လေ့ကျင့်ရေးကျောင်းထဲကို ဖြည့်တင်းနေတယ်လို့ မျက်မြင်တွေ့တဲ့ ဒေသခံက ဆိုပါတယ်။
ဒါ့အပြင် ဧပြီလဆန်းပိုင်းမှာပဲ ရေကြည်မြို့နယ်ထဲမှာရှိတဲ့ အမတ ၃၄၄ ရဲ့ ကာကင်းတချို့ တိုက်ခိုက်ခံခဲ့ရပြီး စစ်ရေးတင်းမာမှုတွေကြောင့် ကုန်းပြင်ကျေးရွာအုပ်စု အပါအဝင် ဒေသခံတချို့ စစ်ရှောင်လာတဲ့အကြောင်း ရေကြည်ဒေသခံက ပြောပါတယ်။
“သေသေချာချာ တိတိကျကျ ပြောနိုင်တာက အဲဒီ ကွင်းကောက်ဘက်ကို စစ်ကူတွေ ပို့တယ်ဆိုတာ။ ဘာလို့ဆို အဲဒီမှာစုပြီး လိုတဲ့နေရာကို သွားမဲ့သဘောဖြစ်တယ်။ အဲဒီမှာက လေ့ကျင့်ရေးတပ် ရှိတာကိုး။ ၃၄၄ က တော်တော်ခံလိုက်ရတာကိုး ဟိုရက်က၊ ၃၄၄ ကို လုပ်လိုက်တာလည်း ပြောက်ကျားတော့ ပြောက်ကျားပဲ။ ဒါပေမဲ့ သူတို့မှာက စနိုက်ပါတို့ဘာတို့ လုံလုံလောက်လောက် ရှိတဲ့သဘောရှိတယ်။ ဒါကြောင့်မို့လို့ ကာကင်းတွေဘာတွေ ပြုတ်ထွက်သွားတာလေ။ စစ်ကူပို့တဲ့ဟာက အခုနက ကျနော်ပြောတဲ့ဟာ စစ်ဘေးရှောင်တွေ ရုတ်တရက် ထွက်လာတာတွေ ပြီးမှ စစ်ကူပို့တာတွေ များတာ။”
လက်ရှိ စစ်ရေးအခြေအနေတွေကြောင့် စစ်တပ်က ရေကြည်နဲ့ လေးမျက်နှာဝန်းကျင်က ရွာတွေမှာ တပ်အင်အားတွေ ပိုတိုးပြီး ချနေသလို အင်္ဂပူနဲ့ ဟင်္သာတမြို့နယ်တွေမှာ ကတုတ်ကျင်းတွေ တည်ဆောက်ထားပြီး ငသိုင်းချောင်းမြို့အထွက်က သရက်ချောင်းရွာမှာလည်း နေရာယူထားတယ်လို့ ဒေသခံက ပြောပါတယ်။
ဒါပေမဲ့ ဒီကိစ္စတွေနဲ့ပတ်သက်လို့ စစ်ကောင်စီဘက်ကရော တော်လှန်ရေးတပ်တွေကပါ ပြည်သူကို ထုတ်ပြန်အသိပေးတာ မရှိသေးပါဘူး။
စိုးသူအောင်










