
ချင်းပြည်နယ်တောင်ပိုင်းရှိ မင်းတပ်နဲ့ ကန်ပက်လက်မြို့နယ်တို့ကို စစ်ကြောင်းထိုးလာတဲ့ စစ်အာဏာရှင်တပ်ရဲ့ ထိုးစစ်တွေကို ချင်းပြည်သူ့တပ်မတော် (CPA) နဲ့ မဟာမိတ် ပူးပေါင်းတပ် တွေက အကောင်းဆုံး ခုခံထားနိုင်ပြီး တိုက်ပွဲတွေအတွင်း စစ်အာဏာရှင်တပ်သား ရာနဲ့ချီ သေဆုံး ခဲ့သလို စစ်သုံ့ပန်းနဲ့ လက်နက်ခဲယမ်း အများအပြားကိုလည်း သိမ်းဆည်းရမိထားတယ်လို့ ချင်းပြည်သူ့တပ်မတော် (CPU/CPA) က ဇူလိုင် ၂ ရက်မှာ ထုတ်ပြန်ပါတယ်။
ချင်းပြည်တောင်ပိုင်းရှိ မင်းတပ်နဲ့ ကန်ပက်လက်မြို့နယ်တို့ကို စစ်အာဏာရှင်တပ်က မေ ၁၆ ရက် ကလည်း မကွေးတိုင်း၊ ဆောမြို့နယ်ကတဆင့် ထိုးစစ်ဆင် တိုက်ခိုက်ခဲ့ပြီး လက်ရှိမှာ တိုက်ပွဲကာလ တလကျော် ကြာမြင့်လာပြီဖြစ်ကာ အဲဒီတိုက်ပွဲတွေမှာ စစ်အာဏာရှင်တပ်က အင်အား ရာနဲ့ချီ သေဆုံးခဲ့သလို တပ်ဖွဲ့စည်းပုံပျက်ကာ တပ်လန်ခဲ့ရတယ်လို့ CPA က ပြောပါတယ်။
ဒါ့အပြင် တိုက်ပွဲကာလ တလကျော်အတွင်းမှာ စစ်အာဏာရှင်တပ်က အင်အား ရာနဲ့ချီ ထိခိုက် ဒဏ်ရာ ရရှိခဲ့ပြီး စစ်သားအလောင်းတွေ၊ စစ်သုံ့ပန်းတွေနဲ့ လက်နက်ခဲယမ်း အများအပြားကိုလည်း သိမ်းဆည်းရရှိခဲ့တယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
ချင်းပြည်နယ် တောင်ပိုင်း တိုက်ပွဲတွေမှာ ချင်းပြည်သူ့တပ်မတော် (CPA)၊ ယောဒေသ တော်လှန်ရေးတပ်တွေဖြစ်တဲ့ YDF ၊ YA အပါအဝင် မဟာမိတ်တပ်တွေနဲ့ စည်းလုံးညီညွတ်စွာ ခုခံတိုက်ခိုက်နေကြတာဖြစ်ပြီး စစ်အာဏာရှင်တပ်ရဲ့ ထိုးစစ်ကို ဟန့်တားတိုက်ခိုက်တာ၊ တန်ပြန် ထိုးစစ်ဆင် တိုက်ခိုက်တာမျိုးတွေကို တပြိုင်နက်တည်း ဗျူဟာမြောက်စွာ တိုက်ခိုက်နေကြတာလို့ ဆိုပါတယ်။
ချင်းပြည်သူ့တပ်မတော် (CPA) ရဲ့ မဟာမိတ်ဖြစ်တဲ့ အာရက္ခတပ်တော် (AA) ကလည်း ချင်းပြည်နယ် မင်းတပ်၊ ကန်ပက်လက်မြို့နယ်တွေက တိုက်ပွဲတွေမှာ ပါဝင်တိုက်ခိုက်နေတယ်လို့ AA ဘက်က ပြောထားပါတယ်။
ချင်းပြည်တောင်ပိုင်း တိုက်ပွဲတွေမှာ အထိနာနေတဲ့ စစ်အာဏာရှင်တပ်ဟာ စစ်ရေးပစ်မှတ်၊ အရပ်ဘက်ပစ်မှတ် ခွဲခြားတာမျိုး မရှိတော့ဘဲ လေကြောင်း၊ လက်နက်ကြီး၊ ဒရုန်းတွေ အသုံးပြုပြီး နေ့တိုင်း ပစ်ခတ်တိုက်ခိုက်နေတာကြောင့် ကလေးငယ်တွေ၊ အမျိုးသမီးတွေ အပါအဝင် အရပ်သား ထိခိုက်သေဆုံးမှုတွေ ဆက်တိုက် မြင့်တက်လာနေသလို အိုးအိမ်၊ ဘာသာရေး အဆောက်အအုံနဲ့ စာသင်ကျောင်းတွေလည်း ထိခိုက်ပျက်စီးမှု မြင့်တက်လာနေတယ်လို့ ပြောထားပါတယ်။
လက်ရှိ စစ်အာဏာရှင်တပ်ရဲ့ ထိုးစစ်တွေကို ခုခံတွန်းလှန်စစ်အတွင်း ကျဆုံးခဲ့တဲ့ သူရဲကောင်း ရဲဘော်တွေကိုလည်း ဦးညွှတ်ဂုဏ်ပြု မှတ်တမ်းတင်ပြီး ချင်းပြည်သူ့တပ်မတော် (CPA) အနေနဲ့ လည်း မဟာမိတ်တပ်တွေ၊ ပြည်သူတွေနဲ့ လက်တွဲပြီး အဆုံးတိုင် ခုခံတွန်းလှန်သွားမယ်လို့လည်း ထုတ်ပြန်ချက်မှာ ရေးသားဖော်ပြထားပါတယ်။
စစ်အာဏာရှင်တပ်ဟာ ချင်းပြည်နယ် မြောက်ပိုင်းက ဖလမ်းနဲ့ တွန်းဇံမြို့နယ်တို့ကို ၂၀၂၆ ခုနှစ် ဧပြီလနဲ့ မေလတို့မှာ ပြန်လည်သိမ်းပိုက်နိုင်ခဲ့ပြီးနောက် ချင်းပြည်တောင်ပိုင်းက မင်းတပ်နဲ့ ကန်ပက်လက်မြို့နယ်တို့ကို အင်အားထောင်ချီသုံးပြီး ထိုးစစ်ဆင် တိုက်ခိုက်လာနေတာလည်း ဖြစ်ပါတယ်။











