
တနင်္သာရီတိုင်း၊ မြိတ်ခရိုင်၊ တနင်္သာရီမြို့နယ်မှာ ရိက္ခာယူဖို့ရွာထဲဝင်လာတဲ့ စစ်ဘေးရှောင် ပြည်သူတွေကို စစ်ကောင်စီက လက်နက်ကြီးနဲ့ပစ်ခတ်လိုက်တာကြောင့် ကိုယ်ဝန်သည်အမျိုးသမီး ၁ ယောက်နဲ့ အမျိုးသား ၂ ယောက် သေဆုံးခဲ့ရတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။
သူတို့ဟာ စစ်ဘေးရှောင်နေရာကနေ ရိက္ခာပြတ်လပ်လို့ မတ် ၂၁ ရက်နေ့ နေ့လယ် ၁၂ နာရီလောက်မှာ ချောင်းလမုကျေးရွာကို ရိက္ခာပြန်လာယူတဲ့အချိန် စစ်ကောင်စီရဲ့ ရေဖြူဗျူဟာကုန်းကနေ ၁၂၀ မမ လက်နက်ကြီးတွေနဲ့ပစ်ခတ်ခဲ့တာလို့ ပြောပါတယ်။
အသက် ၂၂ နှစ်အရွယ် မမီးမဲ ဆိုသူနဲ့ အသက် ၃၀ အရွယ် ကိုသားပုတို့က နေရာမှာ ပွဲချင်းပြီးသေဆုံးကာ ဒဏ်ရာရအမျိုးသား ၁ ယောက်ကတော့ အဲဒီညမှာပဲ ပြင်းထန်ဒဏ်ရာကြောင့် သေဆုံးခဲ့ပါတယ်လို့ ဒေသခံတယောက်က ပြောပါတယ်။
“လေယာဉ်တွေတောက်လျှောက်လာတည်းက ရွာမှာလူမရှိတော့ဘူး။ စစ်ရှောင်နေတဲ့နေရာကလည်း ရွာနဲ့ မိနစ် ၃၀ လောက်ဝေးတယ်ဆိုတော့ ရိက္ခာပြန်လာယူကြတာပါ။ လက်နက်ကြီးနဲ့ပစ်တာလို့ ပြောနေကြတာပဲ။ အခုက ပစ်မှတ်ကအရမ်းတိကျနေတော့ ဒရုန်းနဲ့ချတာလား၊ လက်နက်ကြီး ပစ်တာလားဆိုတာတောင် ပြောရခက်တယ်”
သေဆုံးသူစစ်ရှောင်တွေရဲ့ရုပ်အလောင်းကို မြေမြှုပ်သင်္ဂြိုဟ်ပေးခဲ့တယ်လို့ သိရပြီး အဲဒီနေ့က လက်နက်ကြီးကြောင့်ဒဏ်ရာရသူ ၁ ယောက်ရဲ့အခြေအနေကိုတော့ DVB က စုံစမ်းနေတုန်း ဖြစ်ပါတယ်။
မတ် ၁၆ ရက်နေ့ကတည်းက တိုက်ပွဲဖြစ်နေတဲ့ သိန်ခွန်းကျေးရွာနဲ့နီးတဲ့ ချောင်းလမုကျေးရွာကို စစ်ကောင်စီက လေကြောင်းတိုက်ခိုက်မှုတွေအပြင် လက်နက်ကြီးတွေနဲ့ နေ့တိုင်း ပစ်ခတ်နေတာကြောင့် ရွာလုံးကျွတ်ထွက်ပြေးတိမ်းရှောင်နေကြရတယ်လို့ သိရပါတယ်။
အခုရက်ပိုင်းအတွင်းမှာလည်း တနင်္သာရီမြို့နယ်ဘက်မှာ စစ်ကောင်စီက စစ်ရေးပြန်လည် လှုပ်ရှားလာနေပြီး တိုက်ပွဲတွေပြင်းထန်လာနိင်တာကြောင့် ပြည်သူတွေသတိထားသွားလာဖို့ကို တော်လှန်ရေးတပ်ဖွဲ့တွေက အသိပေးထားပါတယ်။