DVB Logo
Home
မြန်မာသတင်း
မြောင်နှင့် ပုလဲတွင် လက်နက်ကြီးနှင့် စက်တပ်လေထီးကြောင့် ပြည်သူ ၂ ဦးသေ
DVB
·
March 22, 2025
မြောင်နှင့် ပုလဲတွင် လက်နက်ကြီးနှင့် စက်တပ်လေထီးကြောင့် ပြည်သူ ၂ ဦးသေ
1 / 3
Donate to DVB

စစ်ကိုင်းတိုင်း၊ မြောင်မြို့နယ်အတွင်းမှာ စစ်ကောင်စီတပ်က လက်နက်ကြီးအပါအဝင် စက်တပ်လေထီးနဲ့ ဗုံးကြဲတိုက်ခိုက်လို့ ပြည်သူ ၄ ယောက်သေဆုံးခဲ့ရပြီး ပုလဲမြို့နယ်၊ လက်တောင်းကြီးရွာကိုလည်း စက်တပ်လေထီးနဲ့ဗုံးကြဲခဲ့လို့ ပြည်သူတယောက် ထိမှန်ဒဏ်ရာရသွားပါတယ်။

ပုလဲမြို့နယ်၊ လက်တောင်းကြီးကျေးရွာကို မတ် ၂၁ ရက် ညပိုင်း ၁၁ နာရီကျော်အချိန်မှာ မုံရွာ အနောက်မြောက်တိုင်း စစ်ဌာနချုပ်က တက်လာတဲ့ စက်တပ်လေထီးနဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

ဒေသခံတယောက်က “ချတာက ရွာစာသင်ကျောင်းနဲ့ ဘဝသစ်စားသောက်ဆိုင်ကြားမှာရှိတဲ့ ယူကလစ်ပင်နဲ့ တမာပင်ပေါ်ကိုချသွားတာ။ အထိခိုက်ကတော့ အသက် ၃၁ အရွယ် အမျိုးသမီးရဲ့ တင်ပါးကျည်စထိမှန်ဒဏ်ရာရပြီး ဗုံးကျတဲ့နေရာမှာရှိတဲ့ သစ်ပင် တွေကျိုးပြတ်တာတွေဖြစ်ခဲ့တယ်” လို့ ပြောပါတယ်။

လက်တောင်းကြီးကျေးရွာဟာ အိမ်ခြေတစ်ထောင်နီးပါးရှိတဲ့ ကျေးရွာဖြစ်သလို ပုလဲမြို့ အရှေ့ဘက် ၂ မိုင်ကွာ ယင်မာပင်မြို့နယ်ရဲ့အစပ်မှာရှိပြီး အိမ်ခြေ ၁,၀၀၀ လောက်ရှိတဲ့ရွာဖြစ်ပါတယ်။

ပုလဲမြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ဝင်တယောက်က “ကျနော်တို့ အခု အဲရွာမှာ ရှင်းလင်းရေးနဲ့ စစ်ဆေးရေးလုပ်နေပါတယ်ဗျ။ သူတို့ဘာကြောင့်လာချတာလို့တော့ မသိဘူး။ မနေ့ညတုန်းကတော့ စစ်တပ်က လေထီးတပ်ယာဉ်နဲ့ ဗုံးသီးတလုံးချတိုက်ခိုက်ပြီး ပုလဲမြို့ထဲကနေ အလယ်ဘုံရွာဘက်ကို အင်အား ၅၀ လောက်နဲ့ ညအချိန်ကြီးမှာ စစ်ကြောင်းအထွက်ပြသေးတယ်။ သူတို့ ဘာသတင်းရလို့တော့မသိဘူး” လို့ DVB ကိုပြောပါတယ်။

စစ်ကောင်စီဟာ ဒီရက်ပိုင်းတွေမှာ ယင်မာပင်ခရိုင်အတွင်းမှာရှိတဲ့ ပုလဲ၊ ကနီ၊ ဆားလင်းကြီးမြို့နယ်က ကျေးရွာတွေကို မြေပြင်စစ်ကြောင်းမထိုးတော့ဘဲ တိုက်ခိုက်ရေးလေယာဉ် အပါအဝင် စက်တပ်လေထီးတွေနဲ့ပဲ ဗုံးကြဲနေတယ်လို့ သိရပါတယ်။

စစ်ကိုင်းတိုင်း၊ မြောင်မြို့နယ်မှာတော့ စစ်ကောင်စီတပ်က မတ် ၁၉ ရက်နဲ့ မတ် ၂၀ ရက်နေ့မှာ လက်နက်ကြီးအပါအဝင် စက်တပ်လေးထီးနဲ့ ဗုံးကြဲတိုက်ခိုက်လို့ အရပ်သားပြည်သူ ၄ ယောက် သေဆုံးခဲ့ရပြီး ၄ ယောက်က ဒဏ်ရာပြင်းထန်တယ်လို့ ဒေသခံတွေဆီကနေ သိရပါတယ်။

မတ် ၁၉ ရက် မနက်ပိုင်းကစလို့ လက်နက်ကြီးနဲ့ ပစ်ခတ်ခဲ့ပြီး စက်တပ်လေထီးနဲ့ပါ ဗုံးကြဲချိန်မှာ ပြည်သူ ၂ ယောက် ဒဏ်ရာရပြီး ည ၁၀ နာရီလောက်မှာလည်း စက်တပ်လေထီးနဲ့ဗုံးကြဲလာတာကြောင့် ပြည်သူ ၂ ယောက်သေ၊ ၁ ယောက်ဒဏ်ရာရခဲ့ပါတယ်။

မတ် ၂၀ ရက်နေ့ မနက် ၅ နာရီကျော်အချိန်မှာလည်း မြောင်မြို့ပေါ်ကနေ  လက်နက်ကြီးနဲ့ပစ်ခတ်လို့ ကျီကုန်းရွာအတွင်းကျရောက်ပြီး အမျိုးသား ၂ ယောက် သေဆုံး၊ ၁ ယောက် ဒဏ်ရာရခဲ့ပါတယ်။

ဒေသခံတယောက်က “ရဲစခန်းဘက်နေ လက်နက်ကြီးနဲ့ နေ့ခင်း ၁၁ နာရီခွဲမှာ တလုံးစပစ်တာ။ အဲလိုပစ်လို့ မြောင်မြို့တောင်ဘက် တရွာကျော်မှာရှိတဲ့ လှေတင်ဦးရွာထဲကို ကျတယ်ဗျ။ အဲရွာမှာတော့ လူလတ်ပိုင်းအမျိုးသား တဦး လက်ကျည်စထိမှန်တယ်။ လက်ကတော့ကျိုးသွားတယ်ဗျ။ နောက်ပြီး သိုး ၇ ကောင်၊ ဝက်ပေါက်ကလေး ၃ ကောင်သေတယ်။ နောက်ပြီးနေ့ခင်း ၁၂ နာရီကျတော့  မြို့ထဲကနေ လက်နက်ကြီး ၂ လုံးထပ်ပစ်တယ်လို့ မြောင်မြို့၊‌ တောင်ရပ်ကွက်အတွင်းမှာရှိတဲ့စပါးပုံ ပေါ်ကျပေါက်ကွဲတယ်။ အဖွားအိုတဦး  ဦးခေါင်းကျည်စထိမှန်တယ်။ အသက်အန္တရာယ်ကတော့ စိုးရိမ်ရတယ်ဗျ။ နွားတကောင်လည်း သေတယ်ဗျ။ ညပိုင်းကိုလည်း မြောင်မြို့၊ တောင်ရပ်ကွက်ကို ထပ်ပြီး စက်တပ်လေထီးနဲ့ပစ်ခတ်လို့ လူနေအိမ်တလုံး ထပ်မံမီး လောင်တယ်။ ပြည်သူ ၂ ဦး‌ သေဆုံးပြီး တဦးကျည်ထိမှန်ဒဏ်ရာရရှိတယ်ဗျ။ မြို့ထဲကနေ မတ် ၂၀ ရက် နေ့မနက်ခင်းအ‌စောပိုင်း ၅ နာရီအချိန်မှာလည်း လက်နက်ကြီးနဲ့ထပ်မံပစ်ခတ်လို့ ကျီကုန်းရွာထဲ အမျိုးသား ၂ ဦးသေဆုံးပြီး ၁ ဦးဒဏ်ရာရရှိခဲ့ပါတယ်‌ဗျ” လို့ ပြောပါတယ်။

မြောင်မြို့ပေါ် ရဲစခန်းအတွင်း မင်္ဂလာဆောင်ပွဲရှိတာကို ပြည်သူ့ကာကွယ်ရေးတပ်က ဝင်ရောက်ပစ်ခတ်ဖို့ ကြိုးစားရာကနေ နှစ်ဖက်တိုက်ပွဲဖြစ်ပွားပြီး စစ်တပ်က အခုလို လက်နက်ကြီး အပါအဝင် စက်တပ်လေထီးနဲ့ ‌‌‌ဗုံးကြဲတိုက်ခိုက်တာလို့လည်း သိရပါတယ်။

တိုက်ပွဲဖြစ်ပွားပြီး စစ်တပ်ဘက်က နတ်ရေကန်အထိုင်စခန်းကနေ စစ်ကြောင်း ၂ ကြောင်းခွဲပြီး စစ်ကြောင်းထိုးလာတာကြောင့် မြောင်မြို့အနီး  ကျေးရွာတွေက ပြည်သူတွေ ဘေးလွတ်ရာ တိမ်းရှောင်နေရတယ်လို့လည် သိရပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013