
ဂါဇာကမ်းမြောင်ဒေသမှာ အစ္စရေးရဲ့ ထိုးစစ်ဆင်မှု ပြန်လည်စတင်ခဲ့ပြီးနောက် ဟားမတ်စ်အဖွဲ့က တဲလ်အဗစ်မြို့ကို ဒုံးကျည် ၃ စင်းနဲ့ ပထမဆုံးအကြိမ် ပစ်ခတ်ခဲ့တယ်လို့ အတည်ပြုပါတယ်။
အဲဒီ အစ္စရေးမြို့မှာ ဒုံးကျည်တစင်းကို ကြားဖြတ်ပစ်ချနိုင်ခဲ့ပြီး ကျန်တဲ့ဒုံးကျည်တွေကတော့ လူမနေတဲ့နေရာတွေဆီ ကျရောက်ခဲ့တယ်လို့ ဆိုပါတယ်။
မတ် ၁၈ ရက်မှာ တဖန်စတင်လာတဲ့ အစ္စရေးရဲ့ တိုက်ခိုက်မှုအတွင်း ကလေးအယောက် ၂၀၀ ကျော် အပါအဝင် အနည်းဆုံးလူ ၅၉၁ ယောက်အထိ သေဆုံးခဲ့ရပြီးဖြစ်ကြောင်း ဖော်ပြထားပါတယ်။
မကြာသေးတဲ့ ရက်ပိုင်းအတွင်း သေဆုံးခဲ့သူတွေထဲမှာ UNRWA ဝန်ထမ်း ၅ ယောက်လည်း ပါဝင်တယ်ဆိုပြီး ဒီ ကုလသမဂ္ဂအေဂျင်စီရဲ့ အကြီးအကဲကိုယ်တိုင် X လူမှုကွန်ရက်ပေါ်မှာ ရေးသားထားပါတယ်။
လွန်ခဲ့တဲ့ ဇန်နဝါရီလမှာ အစ္စရေးနဲ့ ဟားမတ်စ်ကြား ယာယီအပစ်ရပ်ရေး သဘောတူညီချက် ရရှိခဲ့တဲ့အလျောက် နှစ်ဖက်စလုံးရဲ့ စစ်ရေးလှုပ်ရှားမှု ရပ်နားခဲ့တဲ့ကာလဟာ ၂ လသာ ကြာမြင်ခဲ့ပါတယ်။
အဲဒီနောက် အစ္စရေးကာကွယ်ရေးတပ်ဖွဲ့ (IDF) ဟာ အီဂျစ်နယ်စပ်အနီးမှာရှိတဲ့ ဂါဇာတောင်ပိုင်းက ရာဖာမြို့ကို မြေပြင်စစ်ဆင်ရေး စတင်လိုက်ကြောင်း ကြေညာခဲ့ပါတယ်။
အစ္စရေးအစိုးရရဲ့ ပြောရေးဆိုခွင့်ရှိသူ ဒေးဗစ် မန်ဆာ ကတော့ “တင်းမာတဲ့ အခြေအနေကို ဖြစ်စေခဲ့တာ သူတို့ပါ။ အမေရိကန်နဲ့ တခြားနိုင်ငံတွေ ကြားဝင်ညှိနှိုင်းပေးခဲ့တဲ့ အဆိုပြုချက် အပါအဝင် ဓားစာခံလဲလှယ်ရေး သဘောတူညီချက်တိုင်းမှာ ငြင်းဆန်ခဲ့တာပါ” ဆိုပြီး ဟားမတ်စ်အပေါ် အပြစ်ဖို့ခဲ့ပါတယ်။
ဟားမတ်စ် ဖမ်းဆီးထားတဲ့ ဓားစားခံတွေထဲမှာလည်း ၅၉ ယောက် ကျန်ရှိနေသေးပြီး အဲဒီထဲက ၂၄ ယောက်ကိုတော့ အသက်ရှင်နေသေးတယ်လို့ ယုံကြည်ထားပါတယ်။
ဒါ့အပြင် အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ပ်ဟာ “အစ္စရေးနဲ့ IDF ရဲ့ ပြီးခဲ့တဲ့ရက်ပိုင်းက ဆောင်ရွက်ချက်တွေကို အပြည့်အဝထောက်ခံမှုရှိတယ်” ဆိုပြီး အိမ်ဖြူတော်ပြန်ကြားရေးအရာရှိ ကယ်ရိုလိုင်း လဲဗစ်(တ်) က ပြောသွားပါတယ်။
အစ္စရေးနိုင်ငံသား ထောင်နဲ့ချီဟာလည်း ဂျေရုဆလင်နဲ့ တဲလ်အဗစ်မြို့က နေတန်ယာဟု ဆန့်ကျင်ရေး ဆန္ဒပြပွဲတွေကို ပူးပေါင်း ပါဝင်ခဲ့ကြတဲ့အပြင် ဓားစာခံတွေ လွတ်မြောက်ရေး အတွက်ပါ တောင်းဆိုခဲ့ကြပါတယ်။
Source : Reuters