DVB Logo
Home
မြန်မာသတင်း
ကျားဖြန့် နှိမ်နင်းရေး လုပ်နေသော်လည်း  ဆက်လုပ်ကိုင်နေသူ သိန်းချီရှိနေဆဲ
DVB
·
March 22, 2025
ကျားဖြန့် နှိမ်နင်းရေး လုပ်နေသော်လည်း  ဆက်လုပ်ကိုင်နေသူ သိန်းချီရှိနေဆဲ
Donate to DVB

ကရင်နယ်ခြားစောင့်တပ် (BGF) က မြဝတီမြို့နယ်၊ ရွှေကုက္ကိုမှာ ကျားဖြန့် အွန်လိုင်းငွေလိမ်ဂိုဏ်း နှိမ်နင်းရေး လုပ်ဆောင်နေပေမဲ့ တယ်လီဂရမ် Group တွေမှာ ကျားဖြန့် အလုပ်ခေါ်စာတွေ ဆက်တိုက် ရှိနေပြီး၊ ငွေလိမ်ဂိုဏ်းတွေမှာ ဆက်လက်လုပ်ကိုင်သူ သိန်းနဲ့ချီ ရှိနေပါတယ်။ 

ထိုင်း - မြန်မာ နယ်စပ် ရွှေကုက္ကို၊ မြို့သစ် စီမံကိန်းမှာ လုပ်ကိုင်နေကြတဲ့ တရုတ် ငွေလိမ်ကျားဖြန့် ဂိုဏ်းတွေကို  ထိုင်း၊ မြန်မာ၊ တရုတ် တာဝန်ရှိသူတွေက   စီမံချက်နဲ့ နှိမ်နင်းတာတွေ အသီးသီး လုပ်ဆောင်နေပါတယ်။

ဒေသခံ ကရင်နယ်ခြားစောင့်တပ် (BGF) ကလည်း ကျားဖြန့် နှိမ်နင်ရေး စီမံချက်အနေနဲ့ နိုင်ငံပေါင်း ၃၀ ကျော်ကနေ လူကုန်ကူး ရောင်းစားခံရသူ အယောက် ၇၀၀၀ ကျော်ကို သူတို့ရဲ့ နေရပ်နိုင်ငံတွေဆီကို အသုတ်လိုက်ခွဲပြီး နေ့စဉ် ပို့ဆောင်နေပါတယ်။

လက်ရှိအချိန်ထိ တယ်လီဂရမ် Group တွေမှာ ကျားဖြန့် အလုပ်ခေါ်စာတွေ ဆက်တိုက်ရှိနေပြီး၊ လစာကောင်းကောင်း မက်လုံးပေးတာ ရွှေကုက္ကို အပါအဝင် ရွှေတြိဂံ ဒေသတွေမှာပါ အလုပ်ခေါ်စာတွေ ရှိနေပါတယ်။

ထိုင်း - မြန်မာ လူကုန်ကူး တိုက်ဖျက်ရေး ကူညီသူတယောက်က “အခု တယ်လီဂရမ် ဂရုတွေမှာ ကျားဖြန့်ခေါ်တဲ့ လုပ်ငန်းတွေက ထိုင်းကနေတဆင့် အရင်တုန်းက မြန်မာပြည်ကို ဝင်တယ်။ အခုကတော့ လာအို၊ ကမ္ဘောဒီးယား၊ ရွှေတြိဂံ နယ်မြေပေါ့နော်။ ဒီဘက်မှာ ပြဿနာဖြစ်ရင် ဟိုဘက်မှာ သူတို့တွေ နေရာချထားပြီးသားပေါ့။ သူတို့မှာ လက်ခွဲတွေ အများကြီး ရှိတယ်။ ဆိုတော့ ဒီမှာ အခြေအနေမကောင်းရင် နောက်တရော ရွှေ့မယ်။ သူတို့မှာ ရွှေ့စရာ နေရာတွေ အများကြီး။ ဘာကြောင့်လဲဆိုတော့ သူတို့ ငွေတွေ တတ်နိုင်တယ်။ ငွေတွေ ပေးနိုင်တယ်။ ပြီးတော့ နိုင်ငံရေး မကောင်းတဲ့ နိုင်ငံထဲမှာ အလုပ်လုပ်ရတာ သူတို့ အရမ်းအဆင်ပြေတယ်။ ဘာလို့လဲဆို လက်နက်အားကိုးနဲ့ အုပ်ချုပ်နေတဲ့ စစ်အုပ်စုတွေ၊ စစ်တပ်အောက်မှာ အလုပ်လုပ်နေတဲ့ တိုင်းရင်းသား လက်နက်ကိုင်တွေ လက်အောက်မှာ လက်ခံပြီး တရားဝင် ပေးလုပ်နေတယ်ဆိုတာ ကျနော် ကြားသိရတယ်။ စုံစမ်း သိရှိရတယ်”လို့ ပြောပါတယ်။

ထိုင်း-မြန်မာနယ်စပ်တလျှောက် ကျားဖြန့်ငွေလိမ်ဂိုဏ်းတွေဟာ ပြီးခဲ့တဲ့ ၂၀၂၄ နှစ်ကုန်ပိုင်းမှာ ဖြစ်ပွားခဲ့တဲ့ တရုတ် သရုပ်ဆောင်မင်းသား ဝန်ဇင်း လူကုန်ကူးခံခဲ့ရတဲ့ အမှုအပြီးမှာ နိုင်ငံတကာရဲ့ ဖိအားနဲ့ ဒေသတွင်း နိုင်ငံတွေ ပူးပေါင်းနှိမ်နင်းဖို့ ဖြစ်လာတာပါ။

နိုင်ငံအစုံက လူကုန်ကူးခံရသူတွေကို အွန်လိုင်းငွေလိမ်ဂိုဏ်းတွေက လူကုန်ကူးရောင်းစားတာ၊ အဓမ္မခိုင်းစေတာ၊ ပြန်ပေးဆွဲတာ၊ ညှင်းဆဲသတ်ဖြတ်တာစတဲ့ ရာဇဝတ်မှုတွေ ရှိတယ်လို့ ငွေလိမ်ဂိုဏ်းတွေကနေ လွတ်မြောက်လာသူတွေဆီက သိရပါတယ်။

ထိုင်း - မြန်မာ လူကုန်ကူး တိုက်ဖျက်ရေး ကူညီသူတယောက်က “လက်ရှိ BGF မှာ ရှိနေတဲ့ ကျားဖြန့် လိမ်လည်ခံရသူတွေ၊ ကျားဖြန့်လုပ်နေတဲ့သူတွေက အားလုံးပေါင်း ၁၂၀,၀၀၀ နဲ့ တသိန်းခွဲစာရင်းကို တရုတ်အစိုးရက အတည်ပြုထားသလို နိုင်ငံတကာ သုတေသနကလည်း ခန့်မှန်းထားတာ ရှိတယ်။ ဒါကို ကြည့်ခြင်းအားဖြင့် BGF ပို့တာ ၇၀၀၀၊ ၈၀၀၀၊ ၁၀၀၀၀ နီးပါးပေါ့။ ထားပါတော့ အများဆုံး ၂၀၀၀၀ လောက်ဆိုရင်တောင် နောက်ထပ် တသိန်းလောက် ကျန်နေသေးတယ်။ ဒီတသိန်းကို သူတို့က နည်းအမျိုးမျိုးနဲ့ ထိန်းကျောင်း ကာကွယ်ပေးထားတယ်လို့ ကျနော်တို့ ယူဆလို့ရပါတယ်”လို့ ပြောပါတယ်။ 

ထိုင်း-မြန်မာ နယ်စပ်က အွန်လိုင်းငွေလိမ်ဂိုဏ်းတွေထဲမှာ အဓမ္မခိုင်းစေခံရတဲ့ နိုင်ငံပေါင်း ၃၀ နီးပါးက လူ ၇၀၀၀ ကျော် လွတ်မြောက်ခဲ့ပါတယ်။ မြန်မာနိုင်ငံထဲက ကျားဖြန့် ငွေလိမ်ဂိုဏ်းတွေမှာ နိုင်ငံစုံက အဓမ္မခိုင်းစေခံနေရသူ ၁၂၀,၀၀၀ ကျော်ရှိမယ်လို့ ကုလသမဂ္ဂက ခန့်မှန်းထားပါတယ်။

မဲခေါင်ဒေသတွင်း အွန်လိုင်း ငွေလိမ်ဂိုဏ်းတွေဟာ နိုင်ငံတကာ သားကောင်တွေဆီကနေ တနှစ်ကို ဒေါ်လာ ၆၄ ဘီလီယံလောက်ထိ လိမ်ယူနေကြပြီး အဲဒီ ငွေလိမ်လုပ်ငန်းတွေကို တရုတ်နိုင်ငံသားတွေ ဦးဆောင် လုပ်ကိုင်နေကြပါတယ်။

ဇွဲသစ်

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013