DVB Logo
Home
Lead Story

နမ့်ဖတ်ကာဒေသ KIO/KIA အရပ်ဘက် တရားစီရင်ရေး

DVB
·
November 19, 2026
နမ့်ဖတ်ကာဒေသ KIO/KIA အရပ်ဘက် တရားစီရင်ရေး
Donate to DVB

ရှမ်းပြည်နယ် (မြောက်ပိုင်း)၊ ကွတ်ခိုင်မြို့နယ်၊ နမ့်ဖတ်ကာ တိုက်နယ်ကို ၂၀၂၄ ခုနှစ် ဇန်နဝါရီ ၂၄ ရက်နေ့မှာ စစ်ကောင်စီ လက်အောက်မှ ကချင်လွတ်လပ်ရေးအဖွဲ့/ ကချင်လွတ်လပ်ရေးတပ်မတော် (KIO/KIA) က တိုက်ခိုက် သိမ်းယူနိုင်ခဲ့သည်။ 

မြို့နယ် တဖြစ်လဲ ခေါ်နိုင်သည့် နမ့်ဖတ်ကာ ဒေသတခွင်တွင် ကချင်၊ တအာင်း၊ ရှမ်း၊ လီဆူ၊ ဗမာ၊ တရုတ် စသဖြင့် လူမျိုးစုံ နေထိုင်ကြသည်။

KIO/KIA ၏ တောင်ပိုင်းတိုင်းဒေသအဖြစ် သတ်မှတ်ထားပြီး အရပ်ဘက် အုပ်ချုပ်ရေးသို့ အလျင်အမြန် ပြည်သူလူထုထံ လွှဲပြောင်း ပေးအပ်ခဲ့သည်။ ထိုသို့ အရပ်ဘက် အုပ်ချုပ်ရေးအဖြစ် လွှဲပြောင်းပေးအပ်လာရာ၌ အရပ်ဘက် တရားစီရင်ရေးအတွက်ပါ ပူးတွဲ ဆောင်ရွက်စေခဲ့သည်။

နမ့်ဖတ်ကာရှိ ဒေသခံများသည် လူမျိုး၊ ဘာသာ၊ ရိုးရာယဉ်ကျေးမှု ထုံးတမ်းဓလေ့ အစဉ်အလာများ ကွဲပြားခြားနားနေကြသော်လည်း ချစ်ခင် ရင်းနှီးစွာ အပြန်အလှန် ရိုင်းပင်းကူညီကြသည့် ဒေသဖြစ်သည်။ အငြင်းပွား၊ အချင်းများသည့် အခါများတွင် လူမျိုးစုအလိုက် စာပေနှင့် ယဉ်ကျေးမှု အဖွဲ့များက ဖျန်ဖြေ၍ ပြန်လည် သင့်မြတ်ကြစေရန် အစဉ်သဖြင့် အစဉ်အလာ ရှိခဲ့သည်။

မညီမျှ၊ မမျှတသော အခြေအနေများဖြင့် ဆုံးဖြတ်ချက်ပြုခဲ့ပါလျှင် လူမျိုးရေး၊ ဘာသာရေးကို အခြေတည်၍ စိတ်ခံစားမှုလွယ်သော (Sensitive) ပြဿနာများ ဖြစ်ပွားစေနိုင်သည်။ ထို့ကြောင့် နမ့်ဖတ်ကာမြို့ အရပ်ဘက်အုပ်ချုပ်ရေး လွှဲပြောင်းပေးခဲ့သည့် မကြာမီပင် အရပ်ဘက် တရားစီရင်နိုင်ရေးအတွက် မြို့နယ် တရားရုံးအား ဖွင့်လှစ်ခဲ့သည်။

KIO/KIA က တောင်ပိုင်းတိုင်း၊ နမ့်ဖတ်ကာမြို့ကို အုပ်ချုပ်သဖြင့် ကချင်လူမျိုး အများစုကသာ အရပ်ဘက် တရားစီရင်ရေးကို ခြယ်လှယ် ကိုင်တွယ်သည် မဟုတ်ပါ။ မြို့နယ် တရားရုံး၏ အခြေခံ ဖွဲ့စည်းထားမှုတွင် ဒေသတွင်း၌ နေထိုင်ကြသော ကချင်၊ တအာင်း၊ ရှမ်း၊ လီဆူ၊ ဗမာ၊ တရုတ် လူမျိုးများဖြင့် ဖွဲ့စည်းထားသည်။ ထိုသို့ ဖွဲ့စည်းထားရာ၌ တိုင်းရင်းသား လူမျိုးစုအလိုက်၊ မိမိတို့ လူမျိုးထဲ၌ မိမိတို့ကပင် စိတ်ဆန္ဒပြုကာ ရွေးချယ်တင်မြှောက်လိုက်သော ဒေသခံ တိုင်းရင်းသားများပင် ဖြစ်သည်။ မိမိတို့ လူမျိုးအတွင်း၌လည်း ဖြောင့်မတ်ခြင်း၊ သမာသမတ် ကျခြင်း ဂုဏ်အင်ရှိသူအဖြစ် ရွေးချယ်ခန့်အပ်လိုက်ကြသော ဒေသခံတိုင်းရင်းသားများပင် ဖြစ်သည်။

ဤကဲ့သို့ ရေးသားလိုက်သဖြင့် အရပ်သားတွေက မြို့နယ်တရားရုံးဖွင့်၍ တရားစီရင်ရေးကို လုပ်ဆောင်ကြမည်ဆိုပါက တရားစီရင်ရေး၌ မျှမျှတတ စီရင် ဆုံးဖြတ်နိုင်ပါ၏လောဟု စောဒက တက်စရာ ရှိသည်။ ရွေးချယ်ခံ ထိုဒေသခံ တိုင်းရင်းသားများတွင် တရားရေးဆိုင်ရာ ဥပဒေဘွဲ့ ရရှိထားသူများ ပါဝင်ဆောင်ရွက်နေကြသည်။ ဒေသခံတိုင်းရင်းသားများဖြစ်ကြသည့် ကချင်၊ တအာင်း၊ လီဆူ၊ ရှမ်း၊ ဗမာ စသဖြင့် တရားသူကြီး ၈ ဦးဖြင့် ဖွဲ့စည်းထားသည်။

တောင်ပိုင်းတိုင်း၊ နမ့်ဖတ်ကာ မြို့နယ်တရားရုံး၏ ရည်ရွယ်ချက်သည် မြို့နယ်အတွင်း ဖြစ်ပေါ်နေသော ကိစ္စရပ်များတွင် ကျောသားရင်သား မခွဲခြားဘဲ တရားမျှတစွာ စီရင် ဆောင်ရွက်ပေးရန်၊ မြို့နယ်အတွင်း၌ တရားဥပဒေ စိုးမိုးရေး ဖော်ဆောင်ပေးရန်၊ လူမျိုးပေါင်းစုံအတွက် တရားစီရင်ရာ၌ မျှတမှု ရှိရန်၊ မြို့နယ်အတွင်းရှိ ပြည်သူလူထုကို တရားရေးရာ လိုက်နာဆောင်ရွက်ကြစေရန်တို့ ဖြစ်သည်။

တရားစီရင်ရာ၌လည်း ရုံးသုံးဘာသာအဖြစ် မြန်မာဘာသာဖြင့်သာ ဆောင်ရွက်ကြသည်။ ဥပဒေရေးရာကို ချိုးဖောက်ခံရသည့် မည်သည့်တိုင်းရင်းသားဟူမဆို လာရောက် ဦးတိုက်လျှောက်ထား၍ တရားမျှတမှု ရရှိစေရန် မြို့နယ် တရားရုံး တရားသူကြီး ၈ ဦးသည် လူမျိုးပေါင်းစုံဖြင့် ဖွဲ့စည်းထားခြင်း ဖြစ်သည်။ ဘာသာစကား အခက်အခဲ ပြဿနာများ မရှိသည့်အတွက် အဆင်ပြေစေသည်။

KIA/KIO ၏ တရားရေးဌာနကို ဗဟို တရားရုံး၊ တိုင်းတရားရုံး၊ ခရိုင် တရားရုံး၊ မြို့နယ် တရားရုံး၊ တိုက်နယ် တရားရုံး ဟူ၍ အဆင့် ၅ ဆင့်ဖြင့် ဖွဲ့စည်းထားသည်။ ကျူးလွန်ခဲ့သော အမှုတွဲအလိုက် အဆင့်ဆင့် လွှဲပြောင်း တရားစီရင်စေမှုများရှိသကဲ့သို့ မြို့နယ်အဆင့်ဖြင့် ဖြေရှင်းပေး၍ ရနိုင်လျှင် ဖြေရှင်းပေး၍ မရနိုင်ပါက အထက်အဆင့်ဆင့်သို့ လွှဲပြောင်းဆောင်ရွက်စေသည်။ စစ်ဘက်နှင့် အရပ်သား ပြဿနာဖြစ်ပွားလာလျှင် နစ်နာသူ အရပ်သားက လာရောက်တိုင်ကြားပါလျှင် လက်ခံပြီး စစ်ဘက်ဆိုင်ရာ ဥပဒေအလိုက် ပြစ်မှု၊ ပြစ်ဒဏ် ကျခံစေမည် ဖြစ်သည်။

တရားရေးဆိုင်ရာ လမ်းညွှန်ချက် (၁/၆/၂၀၀၉) ၏ အခန်းကြီး ၁ မှ ၂၀ အထိ ညွှန်ကြားချက်အတိုင်း လိုက်နာ ကျင့်သုံးကြသည်။ တရားသူကြီးများသည် တရားရုံးလက်စွဲ (The Courts Manual)၊ တရားမကျင့်ထုံး ဥပဒေ (Code of Civil Procedure)၊ ရာဇဝတ်ကျင့်ထုံး (Code of Criminal Procedure)၊ သက်သေခံ အက်ဥပဒေ (The Evidence Act)၊ ရာဇသတ်ကြီး (Penal Code) တို့အား လက်စွဲပြု၍ တရားစီရင်ကြပြီး မြေယာဥပဒေနှင့် ပတ်သက်၍လည်း မြေယာဥပဒေ ၁၀ မျိုးဖြင့် လိုက်နာ ကျင့်သုံးကြသည်။

မြို့နယ်တရားရုံးသည် ကချင်လူမျိုးက ဖွင့်ထား၍ ကချင်လူမျိုး တခုတည်းအတွက်သာဟု အမြင် မကျဉ်းစေလိုပါ။ ဒေသနေ တိုင်းရင်းသားမျိုးစုံ ပါဝင်၍ ဒေသနေ တိုင်းရင်းသားများကို တရားဥပဒေဖြင့် အခိုင်အမာ ကာကွယ်ပေးကာ တရားမျှတစွာ စီရင်ပေးမည့်နေရာ ဖြစ်သည်။

နမ့်ဖတ်ကာ ဒေသတွင်းရှိ မတူကွဲပြား တိုင်းရင်းသားလူမျိုးများအတွက် ကျောသားရင်သား မခွဲခြားဘဲ တရားမျှတမှုကို ဆောင်ကြဉ်းပေးနိုင်မည်ဟု ယုံကြည်မိတော့သည်။

ဆဏ်းမောင် (ကွတ်ခိုင်)

(အတူတကွ သွားရောက် လေ့လာခွင့်ရအောင် ဖိတ်ကြားပေးပါသော ကချင်တိုင်းရင်းသား ညီအစ်ကို မောင်နှမများနှင့် တအာင်း တိုင်းရင်းသား ညီအစ်ကိုမောင်နှမများအား ကျေးဇူးတင်ရှိပါကြောင်း။) 

Support DVB
Live
DVB Donate
မြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013