
ရှမ်းပြည်နယ်မြောက်ပိုင်း နမ့်ဖက်ကာမှာ တရုတ်နိုင်ငံဘက်ကို အလုပ်သွားလုပ်မဲ့သူတွေ စီးလာတဲ့ကား တိမ်းမှောက်ခဲ့တာကြောင့် မိန်းကလေးငယ် တယောက်အပါအဝင် ၃ ယောက် သေဆုံးသလို ဒဏ်ရာပြင်းထန်သူတွေလည်း များတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။
၁၈ ယောက်ပါ ခရီးသည်တင်ကားဟာ နမ့်ဖက်ကာနဲ့ မူဆယ်ကြားက ပန်ဂျရောပ်ကုန်းဆင်းမှာ ဧပြီ ၁၁ ရက် ဒီမနက် ၁၀ နာရီမှာ တိမ်းမှောက်သွားတာဖြစ်ပြီး ၃ ယောက် သေဆုံးခဲ့တာပါ။
ဒေသခံတယောက်က “သူတို့က ဘရိတ်ပေါက်သွားတာ။ အဲဒီနေရာက ကုန်းဆင်းတွေများတယ်။ သူတို့လူ ၁၈ ယောက်ပါတယ်။ ယောက်ျားလေး ၅ ယောက်၊ မိန်းကလေး ၁၃ ယောက်ပါတယ်။ လောလောဆယ်ဆုံးသွားတာက မိန်းကလေး ကလေးတယောက်အပါ ၃ ယောက်” လို့ DVB ကို ပြောပါတယ်။
သေဆုံးသူတွေဟာ အသက် ၁၃ နှစ်အရွယ် မိန်းကလေးတယောက်၊ အသက် ၃၀ ဝန်းကျင် အမျိုးသမီးတယောက်နဲ့ အသက် ၃၀ ကျော်အရွယ် အမျိုးသားတယောက်တို့ဖြစ်ပြီး ကျန်တဲ့သူတွေလည်း အသက်အန္တရာယ်စိုးရိမ်ရတဲ့ အခြေအနေလို့ ဆိုပါတယ်။
သူတို့ဟာ တရုတ်နိုင်ငံမှာ အလုပ်သွားလုပ်ဖို့ ပြည်မဒေသကနေ မူဆယ်ကိုသွားတာဖြစ်ပြီး မန္တလေး-မူဆယ်ခရီးမှာ ကားတိမ်းမှောက်တာကြောင့် ဒဏ်ရာရသူတွေကို ကချင်လွတ်လပ်ရေးတပ်မတော် (KIA) တပ်ဖွဲ့ဝင်တွေက နမ့်ဖက်ကာဆေးရုံဆီကို ပို့ဆောင်ပေးထားတယ်လို့ သိရပါတယ်။
Photo : ဒေသခံ











