
ရှမ်းပြည်နယ်မြောက်ပိုင်း ကွတ်ခိုင်မြို့နယ်၊ နမ့်ဖတ်ကာတိုက်နယ် ပြည်ထောင်စုလမ်းမပေါ်က ကချင် လွတ်လပ်ရေးတပ်မတော် (KIA) ဂိတ်တွေ အခွန်မကောက်ဖို့ ဆုံးဖြတ်ထားတယ်လို့ KIA ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှူးကြီးနော်ဘူးက ပြောပါတယ်။
ကိုးကန့်တပ် (MNDAA) ရဲ့ဖိအားကြောင့် KIA ဂိတ်တွေ ပိတ်ရတာလို့ သတင်းတွေထွက်နေပေမဲ့ ဗိုလ်မှူးကြီးနော်ဘူနဲ့ MNDAA စစ်ဘက်ဆိုင်ရာ သတင်းအရင်းအမြစ်က အဲဒီသတင်းကို ငြင်းဆို ကြပြီး KIA ဗဟိုကော်မတီရဲ့ ဆုံးဖြတ်ချက်နဲ့ အခွန်မကောက်တော့တာလို့ ဆိုပါတယ်။
ဗိုလ်မှူးကြီးနော်ဘူက “MNDAA ရဲ့ ဖိအားကြောင့် ရပ်လိုက်တာ မဟုတ်ပါဘူး။ ကျနော်တို့ ပြည်ထောင်စုလမ်းမမှာရှိတဲ့ အခွန်ဂိတ်တွေပေါ့နော်၊ အခွန်မကောက်ဘူးဆိုပြီး ရပ်တန့်ထားတာ ဖြစ်ပါတယ်။ ကြာပါပြီ၊ အခွန်အကောက်ဖို့ ဆုံးဖြတ်ထားတာ ကြာပြီ။ ဒါပေမဲ့ ညွှန်ကြားတာကတော့ အခု တပတ်မှာပဲ ညွှန်ကြားတာပါ။ MNDAA နဲ့ ဘာမှပတ်သက်မှုမရှိဘူး။ ကျနော်တို့ ဗဟိုကော်မတီ ရဲ့ ဆုံးဖြတ်ချက်နဲ့ ရပ်ထားတာ ဖြစ်ပါတယ်။ ဂိတ်တွေကတော့ ရှိတယ်။ အခွန်မကောက်တာ ဖြစ်ပါတယ်” လို့ DVB ကို ပြောပါတယ်။
နမ့်ဖတ်ကာတိုက်နယ်မှာရှိနေတဲ့ KIA ရဲ့ ကုန်စည်စစ်ဆေးရေးနဲ့ အခွန်ကောက်ခံရေးဂိတ်ကို အခွန်မကောက်တော့ဘဲ ရပ်နားထားတာ ဖြစ်ပြီးတော့ လမ်းမကြီးပေါ်မှာရှိတဲ့ စစ်ဆေးရေး အတားအဆီးတွေကိုလည်း ဖယ်ထားပေးလိုက်ပေမဲ့ KIA တပ်ဖွဲ့ဝင်တွေကတော့ ရှိနေဆဲပဲလို့ သိရပါတယ်။
MNDAA စစ်ရေးသတင်းအရင်းအမြစ်က “ကျနော်တို့ဘက်က ဖယ်ခိုင်းတာ မဟုတ်ဘူး။ အခွန်ကောက်တဲ့ဂိတ်မှာ တားထားတဲ့ စစ်ဆေးရေး အတားအဆီးတွေကို ဖယ်လိုက်ကြတာ။ သူတို့ လူတွေတော့ ရှိနေပါတယ်။ နမ့်ဖက်ကာက KIA အရာရှိကို မေးကြည့်တော့လည်း အထက်ကနေ ညွှန်ကြားလာတာကြောင့်လို့ ပြောတယ်။ လောလောဆယ် အခွန်ကောက်တာမရှိဘူး ပြောတယ်။ ဒါက ကျနော်တို့ MNDAA ကြောင့်မဟုတ်ဘူး” လို့ ပြောပါတယ်။
ဖယ်ရှားလိုက်တဲ့ KIA ဂိတ် ၂ ခုဟာ နမ့်ဖတ်ကာကို ၂၀၂၄ ခုနှစ်မှာ KIA တိုက်ခိုက်သိမ်းယူပြီးနောက် တရုတ်ကို ကုန်သွယ်တဲ့ ကုန်တင်ယာဉ်တွေကို အခွန်ကောက်ခံနေတဲ့ ဂိတ်တွေဖြစ်ပြီး ပြည်ထောင်စု လမ်းကို ပြန်ဖွင့်လိုတဲ့ တရုတ်ဖိအားကြောင့်လို့လည်း သတင်းတွေ ထွက်ပေါ်နေပါတယ်။











