ပဲခူးတိုင်း၊ ဝေါမြို့နယ်၊ လက်ပန်ကျေးရွာရှိ စစ်ကောင်စီတပ်က မတ် ၂၁ ရက် ဒီနေ့ မနက် ၉ နာရီခွဲဝန်းကျင်မှာ လက်နက်ကြီးပစ်ခတ်လို့ ခရွဲဘုန်းကြီးကျောင်း (မြောက်ကျောင်း) ပေါ် ကျရောက်ခဲ့ပြီး ဘုန်းကြီးတပါး ပျံလွန်ကာ ၂ ပါး ဒဏ်ရာရခဲ့တယ်လို့ ဝေါမြို့နယ် ပကဖတာဝန်ရှိသူတယောက်က ပြောပါတယ်။
“ပျံလွန်တော်မူသွားတဲ့ ဦးပဥ္စင်းက သက်တော် ၅၀ နဲ့ ဝါတော်က ၁ လပဲရှိသေးတာ။ ခေါင်းနဲ့ ရင်ဘက်တွေမှာ ကျည်ထိသွားတာပါ။ နောက်၂ ပါးကတော့ ဒီကျောင်းက အနေကြာသံဃာတွေလို့ သိရတယ်။ သက်တော်၄၀ နဲ့ ၅၀ကျော်တွေပါ။”
ခရွဲရွာ ကျေးလက်ဆေးပေးခန်းအပါအဝင် ဘုရားကုန်း ဘုန်းကြီးကျောင်းနဲ့ တောင်ကျောင်း၊ မြောက်ကျောင်းတို့မှာ စစ်ကောင်စီတပ် ပစ်ခတ်တဲ့ ၁၂၀ မမ လက်နက်ကြီး ၂ လုံး ကျရောက်ပေါက်ကွဲခဲ့တာကြောင့် ဆေးခန်းနဲ့ ဘုန်းကြီးကျောင်းတချို့ ပျက်စီးခဲ့တယ်လို့ သိရပါတယ်။
ဝေါမြို့နယ် စစ်တောင်းမြစ်ကမ်းအနီးရှိ လက်ပန်ကျေးရွာမှာ ပျူစောထီးတပ်ဖွဲ့ဝင် အင်အား ၃၀ ကျော်ရှိပြီး ပျူခေါင်းဆောင် အောင်ကြီး ဆိုသူမှာလည်း PDF ရဲဘော်တွေကို စိန်ခေါ်ထားသူ ဖြစ်တာကြောင့် မတ် ၁၈ ရက် ညမှာ တောင်ညိုစစ်ကြောင်းက ဒရုန်းနဲ့ တိုက်ခိုက်ခဲ့ပြီးနောက်ပိုင်း စစ်ကောင်စီတပ်ဘက်က အခုလိုလက်နက်ကြီးနဲ့ ပြန်လည်ပစ်ခတ်ခဲ့တာလို့ ဝေါမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ဆီက သိရပါတယ်။
၂၀၂၃ ခု ဒီဇင်ဘာလကလည်း အထက်ကွေ့ကြီးရွာနဲ့ လက်ပန်ရွာရှိ စစ်ကောင်စီတပ်က ၈၁ မမ၊ ၁၂၀ မမ လက်နက်ကြီးတွေနဲ့ ခရွဲကျေးရွာနဲ့ ထင်းတဲရပ်ကွက်တို့ကို ပစ်ခတ်ခဲ့လို့ နေအိမ်အဆောက်အအုံတွေ ထိမှန်ပျက်စီးခဲ့တယ်လို့ ဒေသတွင်းသတင်းအရင်းမြစ်တွေဆီက သိရပါတယ်။