ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်၊ ဆိပ်မူကျေးရွာအုပ်စု၊ နမ့်မှော်ကျေးရွာမှာ ဒီကနေ့ မတ် ၂၁ ရက် မနက် ၈ နာရီလောက်က ကုမ္ပဏီနွံကန် ပေါက်ကျခဲ့ပြီး လူသွားလမ်းတွေအထိ နွံတွေလျှံကျလာပါတယ်။
ရွှံ့နွံတွေ လျှံကျနေတာကြောင့် လက်ရှိအချိန်မှာ ဖြတ်သန်းသွားလာဖို့ အခက်အခဲဖြစ်နေပြီး ရှင်းလင်းရေးတွေ စတင်လုပ်ဆောင်နေကြတယ်လို့ ဖားကန့်ဒေသခံတယောက်က ပြောပါတယ်။
“လမ်းမပေါ်ကနေ တလျှောက်ပဲ ကားလမ်းတွေ ပိတ်ကုန်တာ၊ နမ့်မှော်လမ်းမကြီးပေါ့။ ရွာထဲလမ်း သွားလာရ ခက်ကုန်ပြီ။ အခုတော့ ရှင်းလင်းရေး စလုပ်နေကြတယ်။”
အဲဒီနွံကန်ကို အရင်ရက်တွေကတည်းက နွံကန်ပြိုကျနိုင်တာကြောင့် သွားရောက်ပြောဆိုခဲ့ကြပေမဲ့လည်း အရေးတယူ မလုပ်ဆောင်ကြတာကြောင့် အခုလို နွံကန်ပေါက်ကျရတာ ဖြစ်တယ်လို့ ဒေသခံတယောက်က ပြောပါတယ်။
“ပြီးခဲ့တဲ့ ရက်တွေကတည်းက အဲ့ကုမ္ပဏီက နွံကန်ပြိုတော့မယ်လို့ ပြောနေတာကို ဘယ်သူမှ အရေးတယူ မလုပ်ကြတာ။ နွံကန်ဝိတ်လျှော့ဖို့ လိုနေပြီ၊ ဝိတ်လျှော့ပါ ပြောတာကို အခုတော့ ပြိုကျပြီ။ မနက်မိုးလင်းမှ ဖြစ်လို့ ညဘက်ဖြစ်ရင် မတွေးရဲဘူး။”
ရွှံ့နွံတွေ လမ်းမတလျှောက် ပြည့်လျှံနေပြီး လက်ရှိ ရွာထဲက ဒေသခံတချို့ နေအိမ်မှာ ပိတ်မိနေကြကာ သွားလာဖို့အတွက် ခက်ခဲနေကြတယ်လို့ ဆိုပါတယ်။
ဖားကန့်မြို့နယ် ကျောက်စိမ်းလုပ်ကွက်တွေမှာ နွံကန်ပေါက်ကျတာနဲ့ မြေပြိုကျတာတွေ မကြာခန ဖြစ်ပွားလေ့ရှိပြီး ဖြစ်စဉ်တိုင်းမှာ လူအသေအပျောက်တွေ ရှိခဲ့ပါတယ်။
၂၀၂၀ ခုနှစ် ဇူလိုင်လဆန်းက ဝေခါရွာအနီး မြေပြိုမှုမှာတော့ လူ ၁၇၀ ကျော် သေဆုံးခဲ့ပြီး ဒီသေဆုံးမှုဟာ ဖားကန်မြို့နယ်အတွင်း လူသေဆုံးမှု အများဆုံးဖြစ်စဉ် ဖြစ်ခဲ့ပါတယ်။
ဟန်န