DVB Logo
Home
မြန်မာသတင်း
စလင်းတွင် စစ်တပ်က မီးရှို့ပြီး လေကြောင်းတိုက်ခိုက်၊ ပြည်သူ ၁ ဦးသေဆုံးပြီး ၃ ဦး ဒဏ်ရာရ
DVB
·
March 21, 2025
စလင်းတွင် စစ်တပ်က မီးရှို့ပြီး လေကြောင်းတိုက်ခိုက်၊ ပြည်သူ ၁ ဦးသေဆုံးပြီး ၃ ဦး ဒဏ်ရာရ
1 / 3
Donate to DVB

မကွေးတိုင်း၊ စလင်းမြို့နယ်ထဲက ကျေးရွာတွေကို မတ်လဆန်းပိုင်းကစပြီး စစ်ကြောင်းထိုးခဲ့တဲ့ စစ်ကောင်စီတပ်တွေရဲ့ မီးရှို့ဖျက်ဆီးမှုကြောင့် လူနေအိမ် ၁၇၀ နီးပါး ပျက်စီးဆုံးရှုံးခဲ့ရသလို ထောင်ချီတဲ့ဒေသခံတွေလည်း ဘေးလွတ်ရာ နေရာတွေကို ထွက်ပြေးနေကြရပါတယ်။ 

မတ် ၂၀ ရက် ညနေပိုင်းမှာ စစ်ကောင်စီတပ်ရဲ့ လေကြောင်းတိုက်ခိုက်မှုကြောင့်လည်း ပြည်သူတယောက် သေဆုံးပြီး ၃ ယောက်ထက်မနည်း ဒဏ်ရာရရှိခဲ့တယ်လို့ စလင်းအခြေစိုက် တော်လှန်ရေးတပ်ဖွဲ့ဝင်တွေဆီကနေ သိရပါတယ်။

စလင်း ပကဖရဲ့ ပြန်ကြားရေးတာဝန်ခံက “အကြမ်းဖက်စစ်ကောင်စီတပ်က ခြေလျင် အင်အား ၃၀၀ လောက်အပြင် တင့်ကားတွေ၊ သံချပ်ကာကားတွေနဲ့ပါ စလင်း-ဆင်ဖြူကျွန်းလမ်းပိုင်းနဲ့ ဆင်ဖြူကျွန်း-တညောင် လမ်းပိုင်းပေါ်က ကျေးရွာတွေကို စီးနင်းဝင်ရောက် မီးရှို့ခဲ့ကြတာပါ။ ကျေးရွာတွေက မီးလောက်ပျက်စီးခဲ့ရတဲ့ လူနေအိမ်အလုံးပေါင်းက ၁၇၀ နီးပါး ရှိပါတယ်။ လေကြောင်းတိုက်ခိုက်မှုတွေလည်း ရှိခဲ့လို့ ထွက်ပြေးနေကြရတဲ့ ပြည်သူတွေကတော့ ထောင်ချီရှိပါတယ်။ ကျနော်တို့တပ်ဖွဲ့အနေနဲ့လည်း တတ်နိုင်သလောက် ကူညီဆောင်ရွက်ပေးနေတာတွေ ရှိပေမဲ့ လောက်ငမှုမရှိဘူး။ အဲဒါကြောင့် စစ်ဘေးရှောင်တွေ အတွက် အကူအညီတွေ အရေးပေါ်လိုအပ်နေတာပါဗျ” လို့ ပြောပါတယ်။

အဆိုပါ စစ်ကောင်စီစစ်ကြောင်းဟာ မတ် ၆ ရက်ကနေ ၁၇ ရက်ထိ ၁၂ ရက်ကြာ စစ်ကြောင်းထိုး ဝင်ရောက်ဖျက်ဆီးခဲ့တာကြောင့် ကျပင်း၊ နေပူကန်နဲ့ သီးပင်စုကျေးရွာတွေဟာ ရွာလုံးကျွတ် မီးလောင်ပျက်စီးခဲ့သလို သရက်ချဥ်၊ ဥယျာဥ်စု၊ နောင်တော်ကြီး၊ နောင်တော်လေး၊ ထူးပေါက်၊ ခရေကုန်း၊ ကျောင်းကုန်း၊ ကျီးသိုက်၊ အုန်းတော၊ ရှားတော၊ ကညှပ်နဲ့ နွယ်တမယ် ကျေးရွာတွေက ထောင်ချီတဲ့ ဒေသခံ ပြည်သူတွေဟာလည်း နေရပ်စွန့်ခွာ ထွက်ပြေးနေကြရတယ်လို့ ဆိုပါတယ်။

ကျေးရွာတွေကို မီးရှို့ဖျက်ဆီးခဲ့တဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေကို ဒေသပြည်သူ့ကာကွယ်ရေး ပူးပေါင်းတပ်ဖွဲ့တွေရဲ့ တိုက်ခိုက်မှုကြောင့် စစ်ကောင်စီလက်အောက်ခံတချို့ ထိခိုက်သေဆုံးတာတွေ ရှိခဲ့သလို စစ်​ကောင်စီတပ်ရဲ့ လေကြောင်းပစ်ကူကြောင့်လည်း ဒေသခံပြည်သူတချို့ သေဆုံးဒဏ်ရာရခဲ့တယ်လို့လည်း ဆိုပါတယ်။

စလင်းမြို့နယ် ပကဖ ဇုန် ၃ တာဝန်ခံ ကိုမြွေပွေးက “ပြည်သူကို ဒုက္ခပေးသွားတဲ့​ကောင်တွေကို သူတို့သွားတဲ့လမ်းကြောင်းတွေကနေ မိုင်းဆွဲတာတွေနဲ့ ကြားဖြတ်တိုက်ခိုက်တာတွေ လုပ်ခဲ့တာ သူတို့ဘက်က ၁၀ ယောက်လောက် သေတယ်။ လက်နက်တွေ ဘာတွေ ရတာတော့ မရှိခဲ့ဘူး။ သူတို့ဘက်က လေကြောင်းပစ်ကူတွေ အကြိမ်ကြိမ်လုပ်ခဲ့တယ်။ ပွင့်ဖြူဘက်ကနေလည်း စစ်ကားတွေနဲ့ အင်အားထပ်ဖြည့်တာတွေ လုပ်ခဲ့ကြတယ်။ အဲဒီယာဥ်တန်းကိုလည်း မိုင်းဆွဲခဲ့လို့ စစ်ကားတစီး ပျက်စီးခဲ့သေးတယ်။ ကားပေါ်မှာ ပါလာတဲ့ကောင်တွေ သေတာတော့ အရေအတွက်မသိရဘူး” လို့ DVB ကို ပြောပါတယ်။

မြေပြင်မှာ တိုက်ခိုက်ခံရတဲ့ စစ်ကောင်စီတပ်ဟာ မတ် ၂၀ ရက် ညနေ ၅ နာရီဝန်းကျင်မှာ စလင်းမြို့နယ်၊ ကင်မွန်းချုံကျေးရွာက ဘုန်းကြီးကျောင်းကို ဗုံး ၃ လုံး ကြဲချတိုက်ခိုက်ခဲ့လို့ အမျိုးသားတယောက် သေဆုံးကာ ၃ ယောက်ထက်မနည်း ဒဏ်ရာရရှိခဲ့တယ်လို့လည်း သူက ဆက်ပြောပါတယ်။

အာရက္ခတပ်တော် (AA) ရဲ့ ထိုးစစ်တွေအတွင်း စစ်ကောင်စီတပ်စခန်း အများအပြား ကျဆုံးခဲ့ပြီးနောက် စစ်ကောင်စီတပ်ဟာ မကွေးတိုင်းအနောက်ခြမ်းက စစ်ကောင်စီ တပ်စခန်းတွေကို စစ်သည်အင်အား၊ ရိက္ခာနဲ့ လက်နက်တွေ ဖြည့်တင်းနေတဲ့အတွက်လည်း တော်လှန်ရေးတပ်ဖွဲ့တွေနဲ့ မကြာခဏ တိုက်ပွဲဖြစ်ပွားနေပါတယ်။

စစ်ရေးအခြေအနေ တင်းမာနေတဲ့အတွက် ဒေသခံပြည်သူတွေအနေနဲ့ တော်လှန်ရေးတပ်ဖွဲ့တွေရဲ့ ထုတ်ပြန်ကြေညာချက်တွေကို စောင့်ကြည့်လိုက်နာပေးကြဖို့ တော်လှန်ရေးတပ်ဖွဲ့တွေက မေတ္တာရပ်ခံ​ထားပါတယ်။

စလင်းမြို့နယ်အတွင်းက ပြည်သူတွေကို လေကြောင်းရန်ကာကွယ်ရေး အသိပညာပေး ဆောင်ရွက်မှုတွေကိုလည်း ဆက်တိုက်လုပ်ဆောင်ပေးနေတယ်လို့ စလင်းမြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ဆီကနေ သိရပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013