
ရခိုင်ပြည်နယ်၊ ကျောက်တော်မြို့နယ်၊ မင်းသားတောင်ကျေးရွာမှာ မတ် ၁၉ ရက်က စစ်ကျန်ဗုံးသီးတလုံး ပေါက်ကွဲလို့ ဆယ်ကျော်သက်အရွယ် လူငယ် တယောက် သေဆုံးပြီး နောက်ထပ် လူငယ် ၄ ယောက်ပြင်းပြင်းထန်ထန်ဒဏ်ရာရတယ်လို့ ဒေသခံတွေက ပြောပါတယ်။
အခင်းဖြစ်ပွားခဲ့သူတွေအထဲက လူငယ်တယောက်က ချောင်းမှာ ရေသွားချိုးရာကနေ စစ်ကျန် ဗုံးသီးတလုံးကို ကောက်ရခဲ့ပြီး သူငယ်ချင်းတွေနဲ့ ထုကြည့်ကြရာမှာ ပေါက်ကွဲမှုဖြစ်ပွားခဲ့တာလို့ ကျောက်တော်ဒေသခံတယောက်က ပြောပါတယ်။
"ကလေးတွေက အကုန်လုံး ဆယ်ကျော်သက်လေးတွေပဲ။ ချောင်းမှာ ရေသွားချိုးရာကနေ ဗုံးသီးတလုံးကောက်ရခဲ့ကြရာကနေ ထုကြည့်ကြတယ်လို့ သိရတယ်။ အဲဒီမှာ ပေါက်ကွဲမှု ဖြစ်ပြီးတော့ ဆုံးသွားကြတာ။ တဦးကတော့ အခင်းဖြစ်တဲ့ နေရာမှာတင် ဆုံးသွားပြီးတော့ နောက်ထပ်ကလေး ၄ ဦးကတော့ ဒဏ်ရာပြင်းပြင်းထန်ထန်ရရှိသွားကြတယ်။ လက်ရှိတော့ အဲဒီ ၄ ဦးလုံးကို ဆေးကုသမှု ခံယူနေရတယ်။”
စစ်ကျန်ဗုံးသီး ပေါက်ကွဲမှုကြောင့် သေဆုံးသွားသူမှာ ကျောက်တော်မြို့နယ်၊ မင်းသားတောင်ကျေးရွာက မောင်ဌေးဦး (၁၆ နှစ်) ဖြစ်ပြီး ဒဏ်ရာရရှိသွားသူတွေက မောင်ကျော်ဆန်းလင်း (၁၆ နှစ်)၊ မောင်ခိုင်အောင်မျိုး (၁၅ နှစ်)၊ မောင်နေပိုင်စိုး (၁၄ နှစ်) နဲ့ မောင်မောင်သန်းနိုင် (၁၃ နှစ်) တို့ ဖြစ်ကြပါတယ်။
ရခိုင်ပြည်မှာ စစ်ကျန်လက်နက်နဲ့ မြေမြှုပ်မိုင်းတွေ အများအပြားကျန်ရှိနေသေးတာကြောင့် အာရက္ခတပ်တော်နဲ့ နိုင်ငံတကာအဖွဲ့အစည်းတွေအနေနဲ့ စစ်ကျန်လက်နက်အသိပညာပေးမှုတွေ၊ ရှင်းလင်းပေးမှုတွေကို အရင်ကထက် တိုးမြှင့်လုပ်ဆောင်ပေးဖို့ လိုအပ်တယ်လို့ ရခိုင်က လူမှုကူညီရေး ဆောင်ရွက်နေသူတယောက်က ပြောပါတယ်။
"ရခိုင်မှာက မြို့နယ်တိုင်းက စစ်မြေပြင်ဖြစ်နေတာဆိုတော့ နေရာတိုင်းက မိုင်းနဲ့ စစ်ကျန်လက်နက် အန္တရာယ်ရှိတယ်။ အခုလည်း နေတိုင်းလိုလို မိုင်းနဲ့ စစ်ကျန်လက်နက်ပေါက်ကွဲမှုတွေရှိနေတော့ လူ့အသက်တွေ မသေသင့်ဘဲသေကြရတယ်။ ကိုယ်လက်အင်္ဂါတွေ မဆုံးရှုံးသင့်ဘဲ ဆုံးရှုံးနေကြရတယ်။ အဲဒီကြောင့် ဒီအန္တရာယ်တွေက အနည်းဆုံးလျော့ချနိုင်ဖို့အတွက် အာဏာပိုင်တွေဖြစ်တဲ့ အေအေမှာ တာဝန်အရှိဆုံးဖြစ်သလို နိုင်ငံတကာအဖွဲ့အစည်းတွေနဲ့ အရပ်ဖက်အဖွဲ့အစည်းတွေကလည်း တက်နိုင်သလောက် အသိပညာပေးမှုတွေ ပြုလုပ်ပေးကြဖို့ လိုအပ်တယ်။”
ရခိုင်ပြည်နယ်မှာ မတ်လအတွင်း မိုင်းနဲ့ စစ်ကျန်လက်နက်ပေါက်ကွဲမှုကြောင့် သေဆုံးသူ တယောက်ရှိပြီး ထိခိုက်ဒဏ်ရာရရှိသူ ၁၀ ယောက်ထက်မနည်းရှိ ပါတယ်။










