DVB Logo
Home
မြန်မာသတင်း
မြန်မာကို စစ်လက်နက်ရောင်းသည့် BEL ကုမ္ပဏီ ဆွီဒင်ပင်စင်ရန်ပုံငွေ ရင်းနှီးမြှုပ်နှံစာရင်းမှ ထုတ်ပယ်ခံရ 
DVB
·
March 21, 2025
မြန်မာကို စစ်လက်နက်ရောင်းသည့် BEL ကုမ္ပဏီ ဆွီဒင်ပင်စင်ရန်ပုံငွေ ရင်းနှီးမြှုပ်နှံစာရင်းမှ ထုတ်ပယ်ခံရ 
Donate to DVB

မြန်မာစစ်တပ်အတွက် စစ်လက်နက်ပစ္စည်းတွေတင်ပို့‌ရောင်းချနေတဲ့ အိန္ဒိယစစ်လက်နက်ကုမ္ပဏီ Bharat Electronics Limited (BEL)ကို ဆွီဒင်ပင်စင်ရန်ပုံငွေ ရင်းနှီးမြှုပ်နှံစာရင်းမှ ထုတ်ပယ်လိုက်တဲ့အပေါ်  Justic For Myanmar က ကြိုဆိုကြောင်း မတ် ၂၀ ရက်မှာ ထုတ်ပြန်ပါတယ်။

၂၀၂၁ ခုနှစ် စစ်တပ်အာဏာမသိမ်းခင်နဲ့ သိမ်းပြီးနောက်ပိုင်းကာလ ၂ ခုလုံးမှာ BEL ကုမ္ပဏီက စစ်ရေယာဉ်တွေအတွက် ရေဒါစနစ်တွေ၊ လေကြောင်းရန်ကာကွယ်ရေး စစ်လက်နက် အထိုင်စခန်းတခု၊ ရေဒီယိုစနစ်တွေနဲ့ စက်ပစ္စည်းကိရိယာတွေကို မြန်မာစစ်တပ်ဆီကို ရောင်းချပေးခဲ့တာဖြစ်ပါတယ်။

Justice For Myanmar ဟာ ၂၀၂၃ ခု၊ ဧပြီအထိ ၆ လအတွင်း အမေရိကန်ဒေါ်လာ ၅ သန်းကျော်ဖိုးရှိတဲ့ စစ်တပ်က နောက်ဆုံးလက်ဝယ်အသုံးပြုတဲ့ စက်ပစ္စည်းကိရိယာတွေကို မြန်မာစစ်တပ်ဆီ BEL ကုမ္ပဏီ စစ်လက်နက်နဲ့ စက်ပစ္စည်းကိရိယာ ရောင်းချပေးအပ်မှုတွေကို ပြီးခဲ့တဲ့ ၄ နှစ်အတွင်း အစီရင်ခံစာတွေ ထုတ်ဖော်ခဲ့ပါတယ်။

BEL ကုမ္ပဏီဟာ မြန်မာနိုင်ငံမှာ ရုံးခွဲဖွင့်လှစ်ထားပြီး၊ အဲ့ဒီရုံးခွဲဟာလည်း မှတ်ပုံတင်ထားဆဲ ဖြစ်ပါတယ်။

မြန်မာစစ်တပ်ရဲ့ စစ်ရာဇဝတ်မှုတွေနဲ့ လူသားမျိုးနွယ်အပေါ် ကျူးလွန်တဲ့ ရာဇဝတ်မှုတွေ အပါအဝင် နိုင်ငံတကာရာဇဝတ်မှုတွေ ကျူးလွန်ရာမှာ အသုံးပြုနေကြောင်း သိလျက်နဲ့ BEL ကုမ္ပဏီက လက်နက်နဲ့ နည်းပညာတွေ ပေးအပ်ခဲ့တာလို့ ဆိုပါတယ်။

BEL ကို ကုမ္ပဏီရဲ့ အများစုရှယ်ယာရှင်ဖြစ်တဲ့ အိန္ဒိယအစိုးရက ထိန်းချုပ်ထားပြီး ကုမ္ပဏီအနေနဲ့ နိုင်ငံစုံစီးပွားရေးလုပ်ငန်းကြီးများအတွက် OECD လမ်းညွှန်ချက်၊ စီးပွားရေးနဲ့ လူ့အခွင့်အရေးဆိုင်ရာ ကုလသမဂ္ဂလမ်းညွှန်အခြေခံမူတွေအရ လူ့အခွင့်အရေးတာဝန် ဝတ္တရားတွေကို လိုက်နာလုပ်ဆောင်ရန် အကြိမ်ကြိမ်ပျက်ကွက်မှုကြောင့် အဲ့ဒီကုမ္ပဏီမှ ရင်းနှီးမြှုပ်နှံမှုတွေကို ရုပ်သိမ်းဖို့နဲ့ ဆွီဒင်ပင်စင်ရန်ပုံငွေအပါအဝင် BEL ရဲ့ ရင်းနှီးမြှုပ်နှံသူ အဖွဲ့အစည်းများကို Justice For Myanmar က တိုက်တွန်းခဲ့တာဖြစ်ပါတယ်။

ကျင့်ဝတ်ဆိုင်ရာကောင်စီဟာ ဆွီဒင်နိုင်ငံရဲ့ ပထမ၊ ဒုတိယ၊ တတိယနဲ့ စတုတ္တ AP ရန်ပုံငွေအဖွဲ့တွေအကြား သဘာဝပတ်ဝန်းကျင်၊ လူမှုရေးနဲ့ အုပ်ချုပ်မှုဆိုင်ရာကိစ္စရပ်တွေနဲ့ စပ်လျဉ်းပြီး တာဝန်ရှိတဲ့ ကုမ္ပဏီတွေကို တွန်းအားပေးဆောင်ရွက်ဖို့ ပူးပေါင်းဆောင်ရွက်မှုတရပ် ဖြစ်ပါတယ်။

AP2 ရဲ့ ၂၀၂၄ ခုနှစ်၊ ဇူလိုင်လ နိုင်ငံခြားရှယ်ယာများဆိုင်ရာထုတ်ပြန်ချက်မှာ အဖွဲ့အနေနဲ့ BEL ကုမ္ပဏီတွင် ဆွီဒင်ခရိုနာ ၃၅၉ သန်းကျော် (အမေရိကန်ဒေါ်လာ ၃၃ ဒသမ၈ သန်း) ပိုင်ဆိုင်ထားကြောင်း ဖော်ပြထားပြီး၊ အဆိုပါရင်းနှီးမြှုပ်နှံမှုတွေကို ရုပ်သိမ်းလိုက်ပြီး ဖြစ်ပါတယ်။

ဒီဆုံးဖြတ်ချက်ဟာ မြန်မာစစ်တပ်နဲ့ လုပ်တဲ့ စီးပွားရေးလုပ်ငန်းတွေဟာ နိုင်ငံတကာဥပဒေတွေကို ဆန့်ကျင်ရုံသာမက ဆိုးရွားတဲ့ရင်းနှီးမြှုပ်နှံမှုတွေလည်း ဖြစ်တယ်လို့ BEL ကုမ္ပဏီကို ပြတ်သားတဲ့ သတင်းစကားပါးလိုက်တာ ဖြစ်ပါတယ်။ AP7 နဲ့ အခြားသော BEL ရင်းနှီးမြှုပ်နှံသူအားလုံးအနေနဲ့ အခုလို လိုက်ပါလုပ်ဆောင်ပြီး၊ ချက်ချင်း ရင်းနှီးမြှုပ်နှံမှု ရုတ်သိမ်းသင့်ကြောင်း ဖော်ပြထားပါတယ်။

ရင်းနှီးမြှုပ်နှံသူအဖွဲ့အစည်းတွေအနေနဲ့ စစ်အုပ်စုနဲ့ လုပ်ဆောင်နေတဲ့ စီးပွားရေးလုပ်ငန်းတွေကို အဆုံးသတ်ရေး ဒါမှမဟုတ် ရင်းနှီးမြှုပ်နှံမှုတွေ ရုပ်သိမ်းရေးအတွက် ကုမ္ပဏီတွေကို ပိုပြီးတော့ ဖိအားပေးနိုင်အောင် လုပ်ဆောင်ဖို့လိုအပ်ပါတယ်လို့ JFM တာဝန်ရှိသူတွေက ပြောပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013