DVB Logo
Home
မြန်မာသတင်း
ချင်းမိုင်ရှိ မြန်မာရွှေ့ပြောင်းမိဘများ၏ ကလေးငယ်များ ကျောင်းရွေးချယ်ရာမှာ အခက်အခဲဖြစ်
DVB
·
March 20, 2025
ချင်းမိုင်ရှိ မြန်မာရွှေ့ပြောင်းမိဘများ၏ ကလေးငယ်များ ကျောင်းရွေးချယ်ရာမှာ အခက်အခဲဖြစ်
Donate to DVB

ထိုင်းနိုင်ငံ၊  ချင်းမိုင်မြို့ကို‌ ရောက်ရှိနေတဲ့ မြန်မာရွှေ့ပြောင်းမိဘတွေရဲ့ ကလေးငယ်တွေ ပညာသင်ရေးအတွက် ကျောင်းရွေးချယ်ရာမှာ အခက်အခဲတွေ ကြုံနေကြရပါတယ်။

စစ်အာဏာသိမ်းပြီးနောက် မြန်မာနိုင်ငံက ပြည်သူတွေ အိမ်နီးချင်း တိုင်းပြည်တွေကို ရွှေ့ပြောင်းနေထိုင်သူ အရေအတွက် တနှစ်ထက် တနှစ်တိုးလာနေပြီး ထိုင်း-မြန်မာ နယ်စပ်မြို့တွေ ဖြစ်တဲ့ မဲဆောက်၊ မယ်ဟောင်ဆောင်၊ မယ်ဆိုင်၊ ရနောင်း စတဲ့ မြို့တွေအပြင် ထိုင်းနိုင်ငံမြောက်ပိုင်း ချင်းမိုင်မြို့ကို ပြောင်းရွှေ့လာသူတွေလည်း ရှိနေပါတယ်။

ထိုင်း-မြန်မာနယ်စပ်မှာတော့ မြန်မာရွှေ့ပြောင်းကျောင်းတွေ ရှိနေပြီး ပညာဆက်သင်ခွင့်အတွက် အကန့်အသတ်တွေရှိပေမဲ့ ကျောင်းထားဖို့ ရွေးချယ်စရာ များပြားပါတယ်။

ချင်းမိုင်နဲ့တခြား မြိုနယ်တွေကို ပြောင်းရွှေ့လာရတဲ့ မိဘတွေကတော့ ကလေးတွေရဲ့ ပညာရေးအတွက် ထိုင်းအစိုးရကျောင်း၊ အင်္ဂလိပ်စာ ၄၀ ရာခိုင်နှုန်းနဲ့ ထိုင်းစာ ၆၀ ရာခိုင်နှုန်းသင်တဲ့ Bilingual ကျောင်းနဲ့ အင်္ဂလိပ်စာ သီးသန့်သင်တဲ့ နိုင်ငံတကာ ကျောင်းတွေမှာ ကျောင်းထားကြရပါတယ်။

ထိုင်းအစိုးရက အလုပ်သမားဗီဇာနဲ့ ‌နေထိုင်ကြတဲ့ မိဘတွေရဲ့ ကလေးငယ်တွေကို ထိုင်းဘာသာစကားနဲ့ သင်တဲ့ ထိုင်းအစိုးရကျောင်းမှာ တက်ခွင့်ပြုထားပေမဲ့ အသက်အရွယ်ရနေတဲ့ မြန်မာရွှေ့ပြောင်းကလေးငယ်တွေဟာ ဘာသာစကား သင်ယူဖို့ နှောင့်နှေးတာ၊ ထိုင်းမွေးစာရင်း မရှိတဲ့ အခက်အခဲတွေ ရှိနေပါတယ်။ ထိုင်းဘာသာစကား မတတ်ကြတဲ့အတွက် မိဘတွေက အင်္ဂလိပ်စာနဲ့ ထိုင်းစာ ၂ မျိုးသင်တဲ့ ဘာသာစကား ၂ မျိုးသင်တဲ့ Bilingual ကျောင်းတွေမှာ ထားကြရတာ ဖြစ်ပါတယ်။

ချင်းမိုင်မြို့က ကျောင်းတချို့မှာတော့ ဘာသာစကား ၂ မျိုးသင်တဲ့ Bilingual ကျောင်းတွေမှာ မြန်မာကလေးတွေ တက်ရောက်တာများလို့ ထိုင်းကလေးတွေအတွက် ‌ကျောင်းတက်ရမယ့် အခွင့်အရေး နည်းလာတဲ့အတွက် မြန်မာရွှေ့ပြောင်းမိဘတွေရဲ့ ကလေးငယ်တွေကို လာမယ့် စာသင်နှစ်ကစပြီး လက်မခံတော့ကြောင်း ကျောင်းတာဝန်ရှိသူတွေက ပြောတယ်လို့ ကျောင်းသား မိဘတွေက ပြောကြပါတယ်။ ဘာသာစကား ၂ မျိုးသင်တဲ့ Bilingual ကျောင်းတွေက တနှစ်တာ‌ ကျောင်းစရိတ် ဘတ် ၇၀၀၀၀ ဝန်းကျင်ရှိပြီး အင်္ဂလိပ်စာ သီးသန့်သင်တဲ့ နိုင်ငံတကာ ကျောင်းတွေကတော့ တနှစ်စာ ကျောင်းလခ ဘတ် ၂ သိန်းဝန်းကျင်အထိ ပေးရမှာဖြစ်တဲ့အတွက် ရွှေ့ပြောင်းမိဘတွေအတွက် ပိုခက်ခဲစေတယ်လို့လည်း မိဘတွေက ပြောကြပါတယ်။

ချင်းမိုင်ရောက် ကျောင်းသားမိဘတယောက်က “ကိုယ်တွေက မြန်မာနိုင်ငံသား ဖြစ်တယ်၊ မြန်မာစာကို အဓိက သင်ရမှာ ဖြစ်တယ်။ ဒါပေမဲ့ မြန်မာစာကို အဓိက သင်ခွင့်မရဘူး။ အဲဒီတော့ second language ဖြစ်တဲ့ အင်္ဂလိပ်စာကို အားထားရတယ်။ အင်တာနေရှင်နယ်စကူးကိုလည်း မအပ်ထားနိုင်ဘူး၊ အခုက Bilingual တွေမှာ ကလေးတွေကို ထားခွင့်မရတော့ဘူးဆိုတဲ့ အခြေအနေကို ရောက်သွားတဲ့အခါကျရင် မြန်မာကျောင်းသားတွေကို ထိုင်းစာကို ၁၀၀ ရာခိုင်နှုန်း သင်တဲ့ ထိုင်း‌ကျောင်းမှာ သွားထားရတဲ့အခါကျရင် ဒီကလေးတွေရဲ့ ပညာရေးက အကယ်လို့များ မြန်မာပြည်ကို ပြန်မယ်ဆိုရင်လည်း ကျောင်းအပြောင်းအရွှေ့မှာ ဒုက္ခရောက်မှာ ဖြစ်သလို တခြားနိုင်ငံ တခုခုကို သွားမယ်ဆိုရင်လည်း ဒါက ဘယ်လိုမှကို အဆင်မပြေတဲ့ အနေအထားပေါ့နော်။ နယ်စပ်မြို့တွေမှာတော့ နှစ်ဖက် ကူးလူးဆက်ဆံမှုပိုများပြီး system state ခေါင်းစဥ်ကြောင့် သင်ကြားမှုကို ပိုခွင့်ပြုထားပြီး ရွှေ့ပြောင်းကလေးငယ်တွေအတွက် learning center တွေ ပိုများတယ်"လို့ ပညာရေးကဏ္ဍမှာ အကူညီပေးနေသူတွေက ပြောကြပါတယ်။

ချင်းမိုင်မြို့ကို ရောက်ရှိလာတဲ့ ကလေးငယ်တွေကတော့ Education For all ဆိုတဲ့ ဥပ‌ဒေအရ ထိုင်း‌ကျောင်းတွေကို ဝင်နိုင်မယ့် ဥပဒေရှိပြီး အထောက်အထားမရှိတဲ့ မိဘတွေရဲ့ က‌လေးတွေကို ကျောင်းထားနိုင်ဖို့အတွက် G Code System ဆိုတဲ့ ဂဏန်း ၁၃ လုံး ထုတ်ပေးပြီး ကျောင်းထားနိုင်မယ့် အစီအစဉ်ရှိတယ်လို့လည်း ဆိုပါတယ်။

အစီအစဉ်တွေရှိပေမဲ့ လက်တွေ့မှာ ကျောင်းတချို့ကို ‌ကျောင်းသားတွေကို လက်မခံတော့ဖို့ ပြောဆိုလာတာတွေ ရှိတဲ့အတွက် ကလေးတွေဟာ ပညာရေး အခွင့်အလမ်းတွေကို တခြားကလေးတွေနည်းတူ မရရှိတဲ့အတွက် ကလေးတွေရဲ့ စိတ်ပိုင်းဆိုင်ရာ ရုပ်ပိုင်းဆိုင်ရာ ထိခိုက်နေရတယ်လို့ အကူအညီပေးနေသူတွေက ပြောကြပါတယ်။

BEAM Education Foundation ဦးကျော်ကျော်မင်းထွဋ်က “ကျနော်တို့ အခုက ဟိုအရင်တုန်းကနဲ့ မတူတဲ့ အခြေအနေမျိုးတွေ ကြုံနေရတယ်၊ ရွှေ့ပြောင်းလူထုနဲ့ မိဘတွေ ကလေးတွေဟာ ဒီမှာရှိနေတာ နှစ်ပေါင်းများစွာ ကြာမြင့်ခဲ့ပြီ၊ ကလေးတွေရဲ့ ပညာရေးအခြေအနေအထိကို ဒီလောက်အထိ အကျပ်အတည်းကြုံရတဲ့ကိစ္စ၊ ဥပမာ ကျောင်းတွေက လက်မခံတာသော် လည်းကောင်း၊ ကျောင်းတွေကို ဆင်းပြီးတော့ ပိတ်တဲ့ကိစ္စတွေကိုသော်လည်းကောင်း၊ စာသင်အစုအဖွဲ့တွေကို လိုက်ရှာပြီး ပိတ်တာ။ အဲဒါတွေက အရင်တုန်းက မရှိခဲ့ဘူး၊ ရှိတော့ ရှိခဲ့တယ်။ ဒီလောက်ကြီး မပြင်းထန်ဘူး၊ မြန်မာ ရွှေ့ပြောင်းလူထုကို ဦးတည်ပြီး အမုန်းစကားပွားတာတွေ ပိုပြီးတော့ ဖိနှိပ်မှုတွေကို လုပ်လာတဲ့ ကိစ္စတွေကို ကျနော်တို့တွေ နည်းနည်းစဉ်းစားပြီး စိတ်အေးအေးထားပြီးတော့ပဲ တုံ့ပြန်စေချင်တယ်” လို့ ပြောပါတယ်။

မိဘတွေအနေနဲ့ ကလေးတွေကို ပညာရေးအသိုင်းအဝိုင်းနဲ့ မဝေးအောင်ထားပြီး ဘာသာစကားတွေ ကျောင်းပြင်ပ ပညာရေးသင်ကြားမှုတွေကို အလေးပေး လုပ်ဆောင်ထားဖို့ကိုလည်း တိုက်တွန်းထားပါတယ်။

၂၀၂၅ ခုနှစ် ဖေဖော်ဝါရီလအထိ ထိုင်းနိုင်ငံတဝန်း ရွှေ့ပြောင်းအလုပ်လုပ်ကိုင်နေတဲ့ မြန်မာရွှေ့ပြောင်းလုပ်သားဦးရေ ၂ ဒသမ ၃ သန်းနီးပါး ရှိတယ်လို့ ထိုင်းအစိုးရရဲ့ စာရင်းတွေအရ သိရပါတယ်။

သီရိ

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013