
ရခိုင်ပြည်နယ် မင်းပြားမြို့မှာ မတ် ၁၉ ရက် ညနေက စစ်ကောင်စီတပ် ထောင်ထားခဲ့တဲ့ စစ်ကျန်မိုင်းနင်းမိပြီး အမျိုးသမီးတယောက် အပြင်းအထန် ဒဏ်ရာရရှိခဲ့တယ်လို့ ဒေသခံတွေဆီကနေ သိရပါတယ်။
မင်းပြားမြို့ ကျိန်းတောင်တောင်ကြောမှာ မတ် ၁၉ ရက်နေ့ ညနေ ၃ နာရီလောက်မှာ စစ်ကောင်စီတပ်က ထောင်ထားခဲ့တဲ့ စစ်ကျန်မြေမြှုပ်မိုင်းနင်းမိကာ အမျိုးသမီးတယောက် ဘယ်ဘက်ခြေထောက်တဖက် ပြတ်ထွက်ကာ အပြင်းထန်ဒဏ်ရာရရှိခဲ့တာလို့ မင်းပြား မြို့ဒေသခံတယောက်က DVB ကိုပြောပါတယ်။
ဒဏ်ရာရရှိခဲ့တဲ့သူကတော့ မင်းပြားမြို့ သပြေညိုရပ်ကွက်က အသက် ၄၃ နှစ်အရွယ်ဒေါ်စံဝင်းမေဖြစ်ပြီး ကျိန်းတောင်မှာ မရမ်းသီးသွားခူးတဲ့အချိန် စစ်ကောင်စီတပ်က ထောင်ထားခဲ့တဲ့ မြေမြှုပ်မိုင်းနင်းမိပြီး အပြင်းထန်ဒဏ်ရာရရှိကာ နီးစပ်ရာ ဆေးရုံတခုမှာ အရေးပေါ်ဆေးဝါးကုသမှုခံယူနေရတယ်လို့ ဆိုပါတယ်။
ရခိုင်ပြည်နယ် မောင်တောမြို့နယ်မှာ မတ် ၁၈ ရက်နေ့ နေ့လယ်မှာလည်း စစ်ကောင်စီတပ်က ထောင်ထားခဲ့တဲ့ စစ်ကျန်မိုင်းနင်းမိပြီး ပြည်သူတယောက် အပြင်းထန်ဒဏ်ရာရရှိခဲ့တယ်လို့ ဒေသခံတွေဆီကနေ သိရပါတယ်။
ရခိုင်ပြည်နယ်အတွင်းမှာ ဖေဖော်ဝါရီလ တလအတွင်း စစ်ကောင်စီတပ်က ထောင်ထားခဲ့တဲ့ မြေမြှုပ်မိုင်းနဲ့ စစ်ကျန်လက်နက်ပေါက်ကွဲမှုကြောင့် အရပ်သားပြည်သူ ၈ ယောက်ထက်မနည်း သေဆုံးကာ ၂၀ ထက်မနည်း ဒဏ်ရာရရှိခဲ့တယ်လို့ ဒေသခံတွေဆီကနေ သိရပါတယ်။