
တနင်္သာရီတိုင်း၊ ပုလောမြို့နယ်၊ ပဝတ်ကုန်းရှိ တောကြီးမြွေဟောက် စစ်ဆေးရေးဂိတ်က ငွေကြေးကောက်ခံမှုနဲ့ ကုန်ပစ္စည်းတွေ သိမ်းယူတာတွေ ရှိနေတယ်လို့ ခရီးသွားတွေနဲ့ ဒေသခံတွေက ပြောပါတယ်။
ပြီးခဲ့တဲ့ ဇန်နဝါရီလအတွင်းမှာ တောကြီးမြွေဟောက် စစ်ဆေးရေးဂိတ်က ခရီးသွားကားတွေကနေ ဆိုင်ကယ် ၂ စီး၊ ကြက်သွန်နီ ၂ အိတ်နဲ့ အားကစားပစ္စည်းတွေ သိမ်းယူခဲ့တယ်လို့ ခရီးသွားပြည်သူတွေနဲ့ ဒေသခံတွေဆီက သိရပါတယ်။
ဒေသခံတယောက်က “အဲလိုဖြစ်စဥ်တွေက ရှိနေတာကြာပြီ။ ပြည်သူတွေအပေါ် အနိုင်ကျင့်တာတော့ လက်မခံနိုင်ဘူး။ စစ်ဆေးရေးဂိတ်က ရှိသင့်တယ်။ ဒါပေမဲ့ ပြည့်ဝတဲ့ တာဝန်ယူမှု တာဝန်ခံမှုနဲ့ ကောင်းမွန်တဲ့ဂိတ်ကို ဖြစ်စေချင်တယ်” လို့ ပြောပါတယ်။
ခရီးသည်တင်ယာဉ်မောင်းတယောက်က “ဂိတ်တဂိတ်မှာ သူတို့သတ်မှတ်ထားတဲ့ဈေးနှုန်း ပေးရတယ် ဆိုပေမဲ့ တခြား ဘာဖိုး ညာဖိုး တောင်းတော့ ကျနော်တို့လည်း ဘာမှပြန်မပြောရဲဘူး။ ညနေဘက် အရက်မူးနေချိန်တိုးရင် ရစ်ခံရတာတွေလည်းရှိတယ်။ K pay နဲ့ အတင်းအကျပ် လွှဲခိုင်းတာတွေ လုပ်တယ်” လို့ ပြောပါတယ်။
အခုလို ဝေဖန်နေမှုအပေါ်မှာ တောကြီးမြွေဟောက်ဘက်က စစ်ကောင်စီနဲ့ ပတ်သက်ဆက်နွှယ်တဲ့ သူတွေကိုပဲ အရေးယူပြီး ပြည်သူတွေအပေါ်မှာ ကျူးလွန်တာမျိုး မရှိဘူးလို့ ဆိုပါတယ်။
တောကြီးမြွေဟောက်အဖွဲ့ တာဝန်ခံက “ဆိုင်ကယ် ၂ စီးကလည်း စစ်ကောင်စီရဲ့ ဒေါက်တိုင်ဖြစ်တဲ့ မြိတ်ခရိုနီတွေနဲ့ ဆက်နွှယ်နေလို့ပါ။ ကုန်ကားတွေရဲ့ အမျိုးအစားပေါ်မူတည်ပြီး သတ်မှတ်ထားတဲ့နှုန်းနဲ့ပဲ ကောက်တာပါ။ ကျနော်တို့က ဗိုလ်ကျော်ထွန်း အမိန့်အောက်မှာ တာဝန်ယူပြီး လုပ်ဆောင်နေတာပါ” လို့ DVB ကို ပြောပါတယ်။
ကရင်အမျိုးသားကာကွယ်ရေးတပ် (KNDO) ရဲ့ တပ်ရင်း ၇ တပ်ရင်းမှူးဖြစ်သူ ဗိုလ်ကျော်ထွန်းက “စစ်ကောင်စီနဲ့ ပတ်သက်ဆက်နွှယ်သူတွေကိုပဲ စစ်ဆေးခွင့်ပေးထားတယ်။ ပြည်သူတွေ ထိခိုက်အောင် လုပ်ခိုင်းတာမျိုး မရှိဘူး” လို့ ပြောပါတယ်။
တောကြီးမြွေဟောက်အဖွဲ့ဟာ KNDO တပ်ရင်း ၇ ရဲ့ လက်အောက်ခံအဖွဲ့အစည်းတခု ဖြစ်ပါတယ်။