
ဧရာဝတီတိုင်း၊ ပုသိမ်-မုံရွာ ကားလမ်းပေါ်မှာ ကုန်တင်ကား ၄ စီးကို စစ်ကောင်စီတပ်နဲ့ ရဲတွေက ဖမ်းဆီးထားတယ်လို့ နီးစပ်သူတွေဆီက သိရပါတယ်။
အဲဒီကုန်တင်ကား ၄ စီးကို ပုသိမ်-မုံရွာ ကားလမ်းပေါ် ရခိုင်ပြည်နယ်၊ အမ်းမြို့နယ်အထွက် ဧရာဝတီတိုင်း၊ လေးမျက်နှာမြို့နယ်အနီး လမ်းဆုံမှာ မနေ့ မတ် ၁၉ ရက် ညနေပိုင်းက ဖမ်းဆီးလိုက်တာလို့ ဆိုပါတယ်။
စစ်ကောင်စီတပ်နဲ့ နီးစပ်သူတယောက်က “ကုန်တင်ကားတွေက ရန်ကုန်ကနေလာတဲ့ ကုန်ကားတွေပါ။ တရားမဝင်ကုန်ပစ္စည်း သယ်ယူတယ်ဆိုတဲ့ စွပ်စွဲချက်နဲ့ ဖမ်းတာ။ ဘယ်ကို ဖမ်းခေါ်သွားတယ် ဆိုတာတော့ မသိသေးဘူး။ တပ်နဲ့ ရဲက ဖမ်းတာ” လို့ ပြောပါတယ်။
စစ်ကောင်စီတပ်က တရားမဝင်ကုန်စည်တွေ တင်ဆောင်လာတယ်ဆိုတဲ့ စွပ်စွဲချက်နဲ့ ကုန်တင်ကားတွေကို ဖမ်းဆီးခဲ့ပေမဲ့ ကုန်တင်ကားတွေထဲမှာ အိမ်သုံးပစ္စည်းတွေ၊ ဆန်တွေ၊ စားသုံးဆီတွေ၊ စက်သုံးဆီတွေနဲ့ အဝတ်အထည်တွေ အဓိက တင်ဆောင်လာတာလို့ စစ်ကောင်စီတပ်နဲ့ နီးစပ်သူဆီက သိရပါတယ်။
အဖမ်းခံရသူနဲ့ နီးစပ်သူက “အဲဒီ ဖမ်းဆီးခံရတဲ့ ကုန်တင်ကား ၃ စီးကို မောင်းတဲ့သူတွေ အပါအဝင် အမျိုးသား ၇ ယောက်ကိုပါ ဖမ်းဆီးထားတယ်။ စစ်ဆေးဖို့ဆိုပြီး ဖမ်းတာ၊ ဒီနေ့အထိ မလွတ်လာသေးပါဘူး” လို့ ပြောပါတယ်။
အခုလို ကုန်တင်ကားတွေကို စစ်ကောင်စီတပ်က တရားမဝင်ကုန်စည် အကြောင်းပြ ဖမ်းဆီးတာဟာ တော်လှန်ရေးတပ်ဖွဲ့တွေကို ပြည်သူတွေက ရိက္ခာတွေ ထောက်ပံ့တာ၊ စစ်ဘေးရှောင်တွေကို ကူညီထောက်ပံ့တာတွေ ဟန့်တားဖို့ လုပ်တာလို့ စစ်ရေး သတင်းရင်းမြစ်တွေက ဆိုပါတယ်။