
ဧရာဝတီတိုင်း၊ ပုသိမ်စစ်အခြေခံလေ့ကျင့်ရေးကျောင်းကနေ စစ်မှုထမ်းသင်တန်းသားတွေ ထွက် ပြေးတဲ့ကိစ္စနဲ့ပတ်သက်ပြီး တပ်ရင်းမှူး အပါအဝင် အရာရှိတချို့ကို စစ်ကောင်စီက စစ်ဆေးနေတယ်လို့ တပ်နဲ့ နီးစပ်သူတွေဆီကနေ သိရပါတယ်။
ပုသိမ်မြို့၊ ရွှေမြင်တင်အမှတ် (၆) စစ်အခြေခံလေ့ကျင့်ရေးကျောင်းကနေ စစ်မှုထမ်းတပ်သားအဖြစ် စုဆောင်းခံထားရတဲ့ လူငယ် ၆ ယောက် မတ် ၄ ရက်က ထွက်ပြေး ခဲ့ပြီး အဲ့ဒီဖြစ်စဉ်နဲ့ ပတ်သက်လို့ တပ်ရင်းမှူး၊ သင်တန်းဆရာနဲ့ တပ်အရာရှိတချို့ကို မတ် ၁၈ ရက်က စတင်စစ်ဆေးနေတာလို့ ဆိုပါတယ်။
“ရွှေမြင်တင် စစ်အခြေခံ လေ့ကျင့်ရေးတပ်ကနေ လူငယ် ၆ ယောက် ထွက်ပြေးတာနဲ့ပတ်သက်ပြီး အထက်က ညွှန်ကြားချက်နဲ့လုံခြုံရေးနဲ့ စည်းကမ်းထိန်းသိမ်းရေး ပေါ့လျော့တယ် ဆိုပြီး စရဖ ကနေ စစ်ဆေးနေတာ” လို့ ပုသိမ်ခရိုင် စစ်ကောင်စီတပ်နဲ့ နီးစပ်သူက ပြောပါတယ်။
စစ်ကောင်စီတပ် အရာရှိတွေကို ပုသိမ်မှာပဲ ထားရှိစစ်ဆေးနေတာဖြစ်ပြီး သူတို့တွေ တာဝန်ယူထားတဲ့ နေရာတွေမှာ အခြားတပ်အရာရှိတွေနဲ့ ယာယီအစားထိုး ပြောင်းလဲ တာဝန်ပေးထားတယ်လို့ သိရပါတယ်။
ပုသိမ် ရွှေမြင်တင်စစ်လေ့ကျင့်ရေးတပ်အမှတ် ၆ ကနေ စစ်မှုထမ်းလူငယ်တွေ မကြာခဏ ထွက်ပြေးတာတွေရှိပေမဲ့ စစ်ကောင်စီ ဒုဥက္ကဋ္ဌ ဒုတပ်ချုပ်စိုးဝင်း ပုသိမ်စစ်အခြေခံ လေ့ကျင့်ရေးတပ်ကို လာပြီးနောက် အခုလို စစ်တပ်အရာရှိတွေကို စစ်ဆေးတဲ့အထိ လုပ်နေတာလို့ ဆိုပါတယ်။
ဒါ့အပြင် စစ်ကောင်စီတပ်က စစ်မှုထမ်းတပ်သားသစ်တွေကို မိသားစုနဲ့ တွေ့ခွင့်မပေးတဲ့အပြင် မိသားစုတွေက ဆက်သွယ်ဖို့ ထည့်ပေးလိုက်တဲ့ လက်ကိုင်လေးဖုန်းတွေပါ သိမ်းယူထားတာကြောင့် အခုလို မကြာခဏ ထွက်ပြေးတဲ့ဖြစ်စဉ်တွေ ဖြစ်ပွားနေတာလို့ ဆိုပါတယ်။