DVB Logo
Home
မြန်မာသတင်း
အိန္ဒိယတွင် ဖမ်းဆီးခံမြန်မာ ၁ ဦး သေဆုံးမှု တရားမျှတမှုရရေး  လူ့အခွင့်အရေးအဖွဲ့များ တောင်းဆို
DVB
·
March 20, 2025
အိန္ဒိယတွင် ဖမ်းဆီးခံမြန်မာ ၁ ဦး သေဆုံးမှု တရားမျှတမှုရရေး  လူ့အခွင့်အရေးအဖွဲ့များ တောင်းဆို
Donate to DVB

မတရားဖမ်းဆီးထောင်ချခံထားရတဲ့ မြန်မာနိုင်ငံသား ဦးအောင်မြင့် သေဆုံးမှု တရားမျှတမှု ရရှိရေးနဲ့ မဏိပူရ်နဲ့ အာသံပြည်နယ်တွေအတွင်း ဖမ်းဆီးထောင်ချခံ မြန်မာစစ်ဘေးဒုက္ခသည်တွေကို အမြန်ဆုံး ပြန်လွှတ်ပေးဖို့ India For Myanmar အဖွဲ့အပါအဝင် လူ့အခွင့်အရေးအဖွဲ့အစည်းပေါင်း ၁၉၆ ဖွဲ့နဲ့ တော်လှန်အစုအဖွဲ့တွေက အိန္ဒိယနိုင်ငံ ဗဟိုအစိုးရကို အိတ်ဖွင့်ပေးစာ ပေးပို့ပြီး တောင်းပါတယ်။

အိန္ဒိယဗဟိုအစိုးရကို အိတ်ဖွင့်ပေးစာပေးပို့မှုကို မတ် ၂၀ ရက် ဒီကနေ့မှာ India For Myanmar က ထုတ်ပြန်လိုက်ပါတယ်။

အသက် ၅၇ နှစ်အရွယ် မြန်မာနိုင်ငံသား ဦးအောင်မြင့်ဟာ မဏိပူရ်ပြည်နယ် အင်းဖားလ်ထောင်မှာ ကျန်းမာရေး အခြေအနေပြင်းထန်နေမှုကို ထောင်အာဏာပိုင်တွေက လျစ်လျူရှုခဲ့တာကြောင့် သေဆုံးခဲ့ရတယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြပါရှိပါတယ်။

အဆုတ်ရေဝင်တဲ့ ရောဂါကို ကုသဖို့ အိန္ဒိယကိုလာခဲ့တဲ့ ဦးအောင်မြင့်ဟာ ဆေးရုံကနေ အိမ်ကို အပြန် ဖမ်းဆီးခံခဲ့ရပြီး Foreigners Act နဲ့ တရားစွဲဆိုခံခဲ့ရတာပါ။

အကျဉ်းထောင်ထဲမှာလည်း ဦးအောင်မြင့်ရဲ့ ကျန်းမာရေး အခြေအနေကို ထောင်အာဏာပိုင်တွေဆီ အကြိမ်ကြိမ် တင်ပြခဲ့ပေမဲ့ ရှေ့နေ ငှားရမ်းခွင့် မရသလို ဆေးကုသခွင့်လည်း မရရှိခဲ့ပဲ အခြေအနေတွေ ဆိုးရွားလာတော့မှ အပြင်ဆေးရုံကို ပို့ဆောင်ခဲ့ကာ ဦးအောင်မြင့်ကို လွှတ်ပေးခဲ့ပြီး တာဝန်မယူဘဲ ရှောင်ရှားခဲ့ပါတယ်။

ဒါ့အပြင် ဦးအောင်မြင့်ဟာ သေဆုံးချိန်ထိ မိသားစုနဲ့ တွေ့ခွင့်မရခဲ့သလို ဦးအောင်မြင့်ရဲ့ ရုပ်အလောင်းကိုလည်း မိသားစုဝင်တွေ ကိုယ်တိုင်လာယူခွင့် မရဘဲ အိန္ဒိယနိုင်ငံသားတယောက်ရဲ့ အကူအညီနဲ့သာ ပြန်လည်ရယူနိုင်ခဲ့တယ်လို့လည်း သိရပါတယ်။ ဒီလို မဏိပူရ်ပြည်နယ်က အကျဉ်းထောင်မှာ မြန်မာနိုင်ငံအကျဉ်းသား သေဆုံးခဲ့တာဟာ ဒုတိယအကြိမ်မြောက်လည်း ဖြစ်ပါတယ်။

မဏိပူရ်ပြည်နယ်နဲ့ အာသံပြည်နယ်တွေမှာလည်း ကလေးငယ် ၅၂ ယောက်အပါအဝင် မြန်မာစစ်ဘေး ဒုက္ခသည် ၁၄၇ ယောက် အကျဉ်းချခံထားရသလို အခုလို အကျဉ်းချခံရသူတွေထဲမှာ ကိုယ်ဝန်ဆောင်အမျိုးသမီးများ၊ ထောင်တွင်းမှာ မွေးဖွားခဲ့တဲ့ ကလေးငယ်များနဲ့ ကျောင်းနေရွယ် လူငယ်များစွာ ပါဝင်နေပါတယ်။

အခုလို လုပ်ရပ်တွေဟာ အိန္ဒိယနိုင်ငံရဲ့ ဒီမိုကရေစီ စံနှုန်းတွေနဲ့ မကိုက်ညီဘဲ လူ့အခွင့်အရေးကို အကြီးအကျယ် ထိပါးနေတဲ့ လုပ်ရပ်များဖြစ်တယ်လို့ ထုတ်ပြန်ချက်က ဆိုပါတယ်။

အိန္ဒိယနိုင်ငံအနေနဲ့ ဒီမိုကရေစီစံနှုန်းတွေကို အလေးထားပြီး မဏိပူရ်ပြည်နယ်ထောင်မှာ သေဆုံးခဲ့ရသူနဲ့ မိသားစုဝင်တွေအတွက် တရားမျှတမှု ရရှိဖို့နဲ့ မဏိပူရ်နဲ့ အာသံပြည်နယ်တို့မှာ ဖမ်းဆီးထောင်ချခံ မြန်မာစစ်ဘေးဒုက္ခသည်တွေ အားလုံး အမြန်ဆုံး လွှတ်ပေးဖို့ကို India For Myanmar အဖွဲ့အပါဝင် မြန်မာနိုင်ငံနဲ့ အိန္ဒိယနယ်စပ်တလျှောက်က အရပ်ဘက် လူမှုအဖွဲ့အစည်း ၁၉၆ ဖွဲ့နဲ့ တော်လှန်ရေးအစုအဖွဲ့တွေက တောင်းဆိုခဲ့ကြပါတယ်။ 

မြတ်သဇင်

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013