နေရပ်စွန့်ခွာခဲ့ရတဲ့ ရိုဟင်ဂျာတွေဟာ ၉ နှစ်ကြာလာတဲ့အထိ လုံခြုံစွာ နေရပ်ပြန်နိုင်တာ မရှိသေးဘဲ လူ့အခွင့်အရေးနဲ့ တရားမျှတမှု ရရှိရေးအတွက်လည်း ရုန်းကန်နေရဆဲ ဖြစ်ပါတယ်။
၂၀၁၇ ခုနှစ် ဩဂုတ် ၂၅ ရက်က မြန်မာနိုင်ငံ ရခိုင်ပြည်နယ်မှာ ဖြစ်ပွားခဲ့တဲ့ စစ်တပ်ရဲ့ နယ်မြေရှင်းလင်းရေး စစ်ဆင်ရေးနဲ့ အကြမ်းဖက်မှုတွေကြောင့် ရိုဟင်ဂျာ ၇ သိန်းကျော်ဟာ အိမ်နေရပ်စွန့်ခွာပြီး ဘင်္ဂလားဒေ့ရှ်နိုင်ငံဘက် ထွက်ပြေးခဲ့ကြရပါတယ်။
ဆယ်စုနှစ်တခုနီးပါး ကြာလာပေမဲ့ ရိုဟင်ဂျာတွေအတွက် နေရပ်ပြန်နိုင်ရေး၊ နိုင်ငံသားအခွင့်အရေးနဲ့ လုံခြုံစွာနေထိုင်နိုင်ရေး စတဲ့ လူ့အခွင့်အရေးတွေနဲ့ တရားမျှတမှုတွေအတွက် ဒီနေ့တိုင် ဖြေရှင်းဖို့ လိုအပ်နေတဲ့ အရေးကိစ္စတခုပဲ ဖြစ်ပါတယ်။
ဖိနှိပ်ခွဲခြားမှုတွေကို ရင်ဆိုင်ခဲ့ရတဲ့ ရိုဟင်ဂျာတွေက ၉ နှစ်ကျော်ကြာ သက်ရောက်နေဆဲဖြစ်တယ်လို့ တိုးတက်သော မွတ်စ်လင်မ်လူငယ်အစည်းအရုံး (PMYA) ရဲ့ ဦးဆောင်ကော်မတီဝင် ရဲဘော်ခွန်ဟိဏ်းက ပြောပါတယ်။
“ရိုဟင်ဂျာ ဂျီနိုဆိုက် (Genocide) က ကျနော်တို့ အဆိုးဆုံးအပိုင်းက ၂၀၁၇ မှာ ဖြစ်ခဲ့ပေမဲ့လည်း ဒီအဖြစ်အပျက် မတိုင်ခင်မှာ စစ်ဆင်ရေးပေါင်း များစွာပေါ့နော် အဲဒါကို ရိုဟင်ဂျာတွေ ကြုံခဲ့ရတယ်။ ပြီးတော့ ဥပဒေကြောင်းအရ၊ နောက်ပြီးတော့ နေ့စဉ်ဘဝအရ ဖိနှိပ်ခံရမှုတွေကို ကြုံခဲ့ရပြီး အဲဒါတွေက အဆိုးဆုံးအနေနဲ့ ၂၀၁၇ မှာ ဖြစ်ခဲ့တယ်ပေါ့နော်။ အဲဒီနောက်ပိုင်းမှာလည်း ဒီဟာတွေက ပုံစံပြောင်းပြီးတော့ သူတို့အပေါ်မှာ သက်ရောက်နေဆဲဖြစ်တယ်လို့ ပြောလို့ရတယ်ပေါ့နော်။ ဘယ်လူ့အခွင့်အရေးမှ မရနေဘဲနဲ့ လူတန်းစေ့ နေထိုင်ဖို့အတွက် လိုအပ်တဲ့ လူသားစာနာမှု အကူအညီတွေ၊ သွေးစည်းညီညွတ်ရေးတွေ ဘာမှ မရနေခြင်းပဲလို့ ပြောလို့ရပါတယ်။”
ရိုဟင်ဂျာတွေ နေရပ်ပြန်ရေးနဲ့ ပတ်သက်ပြီးတော့လည်း လုံခြုံမှုရှိဖို့၊ မိမိဆန္ဒအလျောက် ပြန်နိုင်ဖို့နဲ့ ဂုဏ်သိက္ခာရှိစွာ ပြန်လည်နေထိုင်နိုင်ဖို့က အဓိကလိုအပ်ချက်တွေ ဖြစ်တယ်လို့ ကော့ဇ်ဘဇား ဒုက္ခသည်စခန်း ၁ ကို လေ့လာရေးရောက်ရှိနေတဲ့ sisters2sisters အဖွဲ့က မသဉ္ဇာရွန်းလဲ့ရည်က ပြောပါတယ်။
“ရိုဟင်ဂျာ ပြည်သူတွေဟာ ယနေ့အချိန်ထိ အိမ်မပြန်နိုင်သေးဘူး။ လုံခြုံရမယ်၊ စိတ်ချရမယ်၊ ပြီးရင် ကိုယ်တိုင် စိတ်ကြိုက် ကိုယ့်ရဲ့ စိတ်ဆန္ဒအလျောက် ပြန်တာမျိုး ဖြစ်ရမယ်။ ဒီသုံးချက်က ကျမထင်တယ် အရေးကြီးဆုံး။ အခုဆို စစ်တပ်က ရိုဟင်ဂျာ ပြည်သူတွေကို ပြန်လက်ခံမယ်၊ ပြန်ပို့မယ်ဆိုတဲ့ သတင်းတွေကြားမှာ ကျမ အဲဒါကို စိုးရိမ်တယ်ပေါ့နော်။ ဆယ်စုနှစ်တခုကို ရောက်လာခဲ့ပြီဆိုတော့ ဒီအချိန်အတောအတွင်းမှာ တရားမျှတမှုနဲ့ လွတ်လပ်တဲ့ တာဝန်ယူမှု၊ တာဝန်ခံမှုရှိတဲ့၊ နောက် ဂုဏ်သိက္ခာရှိတဲ့ ဘဝတွေကို ရိုဟင်ဂျာပြည်သူတွေ မရနေသေးဘူး။ ရိုဟင်ဂျာတွေလို ဆိုးဆိုးဝါးဝါး ကြုံခဲ့ရတဲ့ ဂျီနိုဆိုက် (Genocide) ကို ကြုံခဲ့ရတဲ့ ပြည်သူတွေတောင် တရားမျှတမှု မရသေးဘူးဆိုရင် ကျမတို့ မြန်မာပြည်သူတွေ ရဖို့ အဝေးကြီးရှိပါသေးတယ်။ အဲဒီတော့ ရိုဟင်ဂျာ ပြည်သူတွေ တရားမျှတမှုအတွက် ဝိုင်းဝန်းပြီးတော့ ဆော်သြခြင်းအားဖြင့် ကျမတို့အားလုံးအတွက် တရားမျှတမှုကို ဆောင်ကြဉ်းပေးတာ ဖြစ်မယ်လို့ ကျမ ယုံကြည်တယ်ပေါ့နော်။ အတူတကွ ကျမတို့ ဖိနှိပ်ခံပြည်သူတွေ သွေးစည်းညီညွတ်ကြဖို့ နှိုးဆော်ချင်ပါတယ်။”
ရခိုင်ပြည်နယ်အတွင်းမှာလည်း ရိုဟင်ဂျာတွေအနေနဲ့ လွတ်လပ်စွာသွားလာခွင့်၊ အခြေခံဝန်ဆောင်မှုတွေ ရရှိရေးနဲ့ လူ့အခွင့်အရေးဆိုင်ရာ ကန့်သတ်ချက်တွေကို ဆက်လက်ရင်ဆိုင်နေရဆဲ ဖြစ်တယ်လို့ ကုလသမဂ္ဂ လူ့အခွင့်အရေးရုံးက ဖော်ပြထားပါတယ်။
၂၀၂၆ ခုနှစ်မှာတော့ ဘင်္ဂလားဒေ့ရှ်နိုင်ငံအတွင်း ရိုဟင်ဂျာ ၁ ဒသမ ၂ သန်းခန့် ရှိနေပြီး အများစုက ကော့ဇ်ဘဇား ဒုက္ခသည်စခန်းတွေမှာ အခြေခံလိုအပ်ချက်များစွာနဲ့ နေထိုင်နေကြရပါတယ်။
PMYA ဦးဆောင်ကော်မတီဝင် ရဲဘော်ခွန်ဟိဏ်းက “ကျနော်တို့ ဒီလူတွေသည် ကျနော်တို့လိုပဲ လူသားတွေ ဖြစ်ပါတယ်။ သူတို့သည် ကျနော်တို့လိုပဲ အစားအသောက်၊ နေထိုင်ရေးနဲ့ ပညာရေး၊ လူမှုရေး၊ ကျန်းမာရေးတွေမှာ လုံလောက်တဲ့ အခြေအနေတွေ ရရှိသင့်တယ်ပေါ့နော်။ အဲဒီဟာတွေ အတွက် ကျန်တဲ့လူတွေအားလုံးက ဝိုင်းဝန်းတိုက်တွန်းဖို့လိုတယ်။ နိုင်ငံတကာကမှ အင်စတီကျူးရှင်း (Institutions) တွေ၊ အစိုးရတွေအပြင် နိုင်ငံတကာ လူထုနဲ့ ပြည်တွင်းလူထုက ရိုဟင်ဂျာတွေကို လူကို လူလို့မြင်ပြီး ကောင်းကောင်းမွန်မွန် ဆက်ဆံပြီး သူတို့အခွင့်အရေးကို ကျနော်တို့ အခွင့်အရေးလိုပဲ မြင်ပြီးတော့ အတူတူလက်တွဲပြီး တိုက်ပွဲဝင်ဖို့တော့ တိုက်တွန်းလိုပါတယ်” လို့ ပြောပါတယ်။
ရိုဟင်ဂျာတွေ အပါအဝင် မြန်မာနိုင်ငံအတွင်း ဖြစ်ပွားခဲ့တဲ့ လူ့အခွင့်အရေး ချိုးဖောက်မှုတွေအတွက် တာဝန်ခံမှုရှိစေဖို့ ကြိုးပမ်းသွားမယ်လို့ ရန်ကုန်ရှိ ဗြိတိသျှသံရုံး အကြီးအကဲက ပြောကြားထားပြီး အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ကလည်း ရိုဟင်ဂျာတွေရဲ့ တရားမျှတမှုအတွက် အခိုင်အမာ ဆက်လက်ရပ်တည်နေတယ်လို့ ကြေညာပါတယ်။
ရိုဟင်ဂျာ Genocide Remembrance Day ကို အသိအမှတ်ပြု သတိရနေကြသလိုပဲ ရိုဟင်ဂျာတွေ လက်ရှိရင်ဆိုင်နေရတဲ့ လူ့အခွင့်အရေးပြဿနာတွေ၊ တရားမျှတမှုနဲ့ လုံခြုံစွာ နေရပ်ပြန်နိုင်ရေးအတွက် ဘယ်လိုဖြေရှင်းမလဲ ဆိုတာကလည်း အရေးကြီးနေပါတယ်။
၂၀၁၇ ခုနှစ် ဩဂုတ်လတုန်းက ရခိုင်ပြည်နယ်မှာ ARSA ရိုဟင်ဂျာ အကြမ်းဖက်အဖွဲ့တွေက နယ်ခြားစောင့်ရဲတပ်ဖွဲ့ စခန်းတွေကို တပြိုင်နက်တည်း ဝင်ရောက်တိုက်ခိုက်ပြီးနောက် စစ်တပ်က အင်အားသုံး နယ်မြေရှင်းလင်းခဲ့ရာကနေ သိန်းနဲ့ချီတဲ့ ရိုဟင်ဂျာတွေ ဘင်္ဂလားဒေ့ရှ်နယ်စပ်ကို ထွက်ပြေးခဲ့ကြတာဖြစ်ပါတယ်။
ဝေဝေ











