DVB Logo
Home
မြန်မာသတင်း
ရိုဟင်ဂျာများ တရားမျှတမှုရရှိရေး အခိုင်အမာရပ်တည်ကြိုးပမ်းမည်ဟု ဗြိတိန်နှင့် NUG ပြော
DVB
·
August 25, 2026
Photo: REUTERS/Danish Siddiqui/File Photo
Photo: REUTERS/Danish Siddiqui/File Photo
Donate to DVB

ရိုဟင်ဂျာတွေ အပါအဝင် မြန်မာနိုင်ငံအတွင်းဖြစ်ပွားခဲ့တဲ့ လူ့အခွင့်အရေး ချိုးဖောက်မှုတွေ အတွက် တာဝန်ခံမှုရှိစေဖို့ ကြိုးပမ်းသွားမယ်လို့ ရန်ကုန်ရှိ ဗြိတိသျှသံရုံးအကြီးအကဲက ပြောကြားလိုက်ပြီး အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ကလည်း ရိုဟင်ဂျာတွေရဲ့  တရားမျှတမှုအတွက် အခိုင်အမာ ဆက်လက်ရပ်တည်နေတယ်လို့ ကြေညာပါတယ်။

ဩဂုတ် ၂၅ ရက် ဒီနေ့မှာ ကျရောက်တဲ့ ရိုဟင်ဂျာတွေ ရက်စက်ကြမ်းကြုတ်စွာ အကြမ်းဖက်ခံခဲ့ရတဲ့ ၉ နှစ်မြောက် နှစ်ပတ်လည်နေ့မှာ ထုတ်ပြန်တာဖြစ်ပါတယ်။

၂၀၁၇ ခုနှစ်၊ သြဂုတ်လမှာ အကြမ်းဖက်စစ်တပ်က ရခိုင်ပြည်နယ်က ရိုဟင်ဂျာပြည်သူတွေအပေါ် ရက်စက်ကြမ်းကြုတ်အကြမ်းဖက်ပြီး ကြီးလေးတဲ့ရာဇဝတ်မှုတွေကျူးလွန်ခဲ့တာ ၉ နှစ်ရှိပြီဖြစ်ပြီး ထပ်တူထပ်မျှ နက်နက်ရှိုင်းရှိုင်း ဝမ်းနည်းကြေကွဲရသလို တရားမျှတမှုအတွက် အခိုင်အမာ ဆက်လက်ရပ်တည်နေတာကို ကတိပြုတယ်လို့ NUG က ဆိုပါတယ်။

၉ နှစ်ကြာပြီဖြစ်ပေမဲ့ အကြမ်းဖက်စစ်အုပ်စုရဲ့ လူမဆန်တဲ့ကျူးလွန်မှုတွေကြောင့် အိမ်နီးချင်း ဘင်္ဂလားဒေ့ရှ်နိုင်ငံကို ထွက်ပြေးခိုလှုံခဲ့ရတဲ့ သိန်းနဲ့ချီတဲ့ရိုဟင်ဂျာပြည်သူတွေ ဒီနေ့ထိ နေရပ်မပြန်နိုင်သေးဘဲ ဒုက္ခသည်စခန်းတွေမှာ ရင်ဆိုင်နေရတဲ့ ကျန်းမာရေးနဲ့ ရှင်သန်ရပ်တည်ရေး အခက်အခဲတွေအတွက် စိုးရိမ်ပူပန်မိတယ်လို့လည်း ဆိုပါတယ်။

ပြီးတော့ NUG အနေနဲ့ ရိုဟင်ဂျာမူဝါဒတရပ်ကို ထုတ်ပြန်ထားပြီးဖြစ်သလို အဲဒီမူဝါဒနဲ့အညီ ခိုင်ခိုင်မာမာ ရပ်တည်ဆောင်ရွက်နေတယ်လို့လည်း ဆိုပါတယ်။

စစ်အာဏာရှင်တပ်ကတော့ သူတို့အတွက် နိုင်ငံရေး၊ စစ်ရေးအကျပ်အတည်းတွေကနေ ထွက်ပေါက်ရဖို့ ရိုဟင်ဂျာပြည်သူတွေအပါအဝင် တိုင်းရင်းသားပြည်သူတွေကို အတင်းအဓမ္မ စစ်သားစုဆောင်းတာ၊ လူသားဒိုင်းအဖြစ်သုံးတာတို့ လုပ်နေသလို လူမျိုးရေး ဘာသာရေး ပဋိပက္ခတွေဖြစ်လာအောင် စနစ်တကျ သွေးခွဲလှုံ့ဆော်တာကိုပါ လုပ်နေတယ်လို့ ဆိုပါတယ်။

ဒါကြောင့် အချင်းချင်း နားလည်မှု၊ ယုံကြည်မှုတည်ဆောက်ပြီး မြန်မာနိုင်ငံက ပြည်သူတရပ်လုံးရဲ့ အသက်အိုးအိမ်စည်းစိမ်၊ လူ့အခွင့်အရေးနဲ့ ဘာသာရေး၊ ယဉ်ကျေးမှုတွေအပေါ် ခြိမ်းခြောက်ဖျက်ဆီးနေတဲ့ အဓိကတရားခံ စစ်အာဏာရှင်စနစ် အမြစ်ပြတ်ရေးအတွက် စည်းလုံးညီညွတ်ပူးပေါင်းပါဝင်ကြဖို့ တိုက်တွန်းထားပါတယ်။

ရန်ကုန်အခြေစိုက် ဗြိတိသျှသံရုံးအကြီးအကဲ အန်ဒရူးဂျက်ဆန်က “၉ နှစ်ရှိခဲ့ပြီဖြစ်ပေမဲ့ ရိုဟင်ဂျာအသိုက်အဝန်းတွေဟာ ဒီနေ့တိုင် နှိပ်စက်ညှဉ်းပန်းမှု၊ လွတ်လပ်စွာသွားလာခွင့်နဲ့ အင်တာနက် အသုံးပြုခွင့်အပေါ် ပြင်းထန်တဲ့ကန့်သတ်မှုတွေ၊ အတင်းအကျပ် စစ်သားစုဆောင်းမှုနဲ့ ကြီးမားတဲ့လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ လိုအပ်ချက်တွေကို ဆက်လက် ရင်ဆိုင်နေကြရဆဲ ဖြစ်ပါတယ်။ တရားမျှတမှု၊ တာဝန်ခံမှုနဲ့ ရိုဟင်ဂျာတွေကို မြန်မာနိုင်ငံရဲ့ နိုင်ငံရေးအနာဂတ်မှာ အပြည့်အဝပါဝင်ခွင့်ပေးခြင်းမရှိဘဲ ရေရှည်တည်တံ့တဲ့ ငြိမ်းချမ်းရေးကို တည်ဆောက်နိုင်မှာ မဟုတ်ပါဘူး” လို့ ပြောပါတယ်။

ရိုဟင်ဂျာတွေနဲ့ တခြား လူနည်းစုအသိုက်အဝန်းတွေ ဆက်လက်ရင်ဆိုင်နေရတဲ့ အကြမ်းဖက်မှုတွေ၊ ခွဲခြားဆက်ဆံမှုတွေ၊ လိင်ပိုင်းဆိုင်ရာနဲ့ ကျားမအခြေပြု အကြမ်းဖက်မှုတွေ အပါအဝင် တခြား လူ့အခွင့်အရေးချိုးဖောက်မှုတွေ အဆုံးသတ်စေဖို့လည်း သူက တိုက်တွန်းပါတယ်။

ဒါ့အပြင် ယူကေအစိုးရအနေနဲ့ အစဥ်တစိုက်အခိုင်အမာ ပြောကြားထားတဲ့အတိုင်း မြန်မာနိုင်ငံအတွင်း ဘယ်နေရာဒေသမှာမဆိုဖြစ်ပွားတဲ့ လူ့အခွင့်အရေးချိုးဖောက်မှုတွေအတွက် တာဝန်ခံမှု၊ တရားမျှတမှုရှိစေဖို့ ကုလသမဂ္ဂ လူ့အခွင့်အရေးကောင်စီ အပါအဝင် နိုင်ငံတကာ မိတ်ဖက်တွေနဲ့ ပူးပေါင်းဆက်လက် ကြိုးပမ်းသွားမှာဖြစ်သလို ရိုဟင်ဂျာ အပါအဝင် မြန်မာပြည်သူအားလုံးရဲ့ အခွင့်အရေးတွေနဲ့ ဂုဏ်သိက္ခာမြှင့်တင်ကာကွယ်ရေးအတွက်ကိုလည်း ဆက်လက်ကတိကဝတ်ပြု ဆောင်ရွက်သွားမယ်လို့ ဗြိတိသျှသံရုံးအကြီးအကဲက ပြောပါတယ်။

၂၀၁၇ ခုနှစ် ဩဂုတ်လတုန်းက ရခိုင်ပြည်နယ်မှာ ‌ARS‌A ရိုဟင်ဂျာ အကြမ်းဖက်အဖွဲ့တွေက နယ်ခြားစောင့်ရဲတပ်ဖွဲ့ စခန်းတွေကို တပြိုင်နက်တည်းဝင်ရောက်တိုက်ခိုက်ပြီးနောက် စစ်တပ်က အင်အားသုံး နယ်မြေရှင်းလင်းခဲ့ရာကနေ သိန်းနဲ့ချီတဲ့ ရိုဟင်ဂျာတွေ ဘင်္ဂလားဒေ့ရှ် နယ်စပ်ကို ထွက်ပြေးခဲ့ကြတာဖြစ်ပါတယ်။ 

Photo: Reuters 

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013