
ယူကရိန်းနိုင်ငံ အရှေ့မြောက်ပိုင်းရှိ ဆူမီဒေသမှာ မတ် ၁၈ ရက် ညနေနှောင်းပိုင်းမှာ ရုရှားဒရုန်း တိုက်ခိုက်မှုကြောင့် ဆေးရုံ ၂ ရုံ ပျက်စီးသွားခဲ့ပြီး ထိခိုက်ဒဏ်ရာရသူ မရှိပေမဲ့ လူနာတွေနဲ့ ဆေးရုံဝန်ထမ်းတွေကို ဘေးလွတ်ရာ ရွှေ့ပြောင်းခိုင်းခဲ့ရကြောင်း ဆူမီဒေသအာဏာပိုင်တွေက ပြောပါတယ်။
ဗုဒ္ဓဟူးနေ့အစောပိုင်းမှာ ရုရှားရဲ့ လေကြောင်းတိုက်ခိုက်မှု စတင်ခဲ့ပြီးနောက် ယူကရိန်းသမ္မတ ဗိုလိုဒီမာ ဇလန်းစကီးက စစ်ပွဲကို အချိန်ဆွဲနေတဲ့ မော်စကိုရဲ့ ကြိုးပမ်းမှုမှန်သမျှကို ပိတ်ဆို့ဖို့ ကမ္ဘာကို တိုက်တွန်းခဲ့ပါတယ်။
ရုရှားဟာ အရပ်ဘက် အခြေခံအဆောက်အအုံနဲ့ လူတွေကို အခုပဲ တိုက်ခိုက်နေတယ်လို့ ဇလန်းစကီးရဲ့ ဝန်ထမ်းအကြီးအကဲ အန်ဒရီယာမက်ခ်က တယ်လီဂရမ်မှာ ညတွင်းချင်း ပြောကြားခဲ့ပါတယ်။
ဒေသဆိုင်ရာ အရေးပေါ်ဝန်ဆောင်မှုအဖွဲ့ဟာ ပျက်စီးသွားတဲ့ ဆေးရုံနဲ့ လူနာတွေကို ဘေးလွတ်ရာ ရွှေ့ပြောင်းထားကြောင်း ပြသတဲ့ ဗီဒီယိုဖိုင်ကို ထုတ်ပြန်ခဲ့ပါတယ်။
တခြား ပျက်စီးသွားတဲ့ ကျန်းမာရေးစောင့်ရှောက်မှု အဆောက်အအုံက ဆူမီမြို့ အပြင်ဘက်မှာ ဖြစ်ပြီး ရုရှားနယ်စပ်နဲ့ ပိုနီးတယ်လို့ တယ်လီဂရမ်မှာ ထုတ်ပြန်ခဲ့ပါတယ်။
အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ပ်နဲ့ ရုရှားသမ္မတ ဗလာဒီမာပူတင် တို့အကြား ဖုန်းခေါ်ဆိုမှုအပြီး နာရီပိုင်းအတွင်းမှာပဲ ရုရှားက ယူကရိန်းကို ဒရုန်းအစင်း ၄၀ ကျော် ပစ်လွှတ်ခဲ့တယ်လို့ ဇလန်းစကီးက ပြောပါတယ်။
ညတွင်းချင်း တိုက်ခိုက်မှုအတွင်း ရုရှားက ပစ်လွှတ်လိုက်တဲ့ ဒရုန်း ၁၄၅ စင်းထဲက ၇၂ စင်းကို လေကြောင်းရန်ကာကွယ်ရေးတပ်ဖွဲ့တွေက ပစ်ချခဲ့ကြောင်းနဲ့ ဒရုန်း ၅၆ စင်း ဆုံးရှုံးခဲ့ကြောင်း အီလက်ထရွန်းနစ်စစ်ပွဲကို အသုံးပြုနေတဲ့ ယူကရိန်းစစ်တပ်က မတ် ၁၉ ရက်မှာ ပြောကြားခဲ့ပါတယ်။
Source : Reuters











