
ရခိုင်ပြည်နယ်နဲ့ ဧရာဝတီတိုင်း ဆက်သွယ်ထားတဲ့ ဧရာဝတီတိုင်း၊ ရေကြည်မြို့နယ် ရေနံ့သာ စစ်ဆေးရေးဂိတ်ကို စစ်ကောင်စီတပ်က မတ် ၁၇ ရက် မနက်ပိုင်းကစပြီး မော်တော်ယာဉ်တွေ ဖြတ်သန်းသွားလာခွင့် ပိတ်ပင်ထားတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။
အဲဒီ ရေနံ့သာစစ်ဆေးရေးဂိတ်ဟာ ပုသိမ်-မုံရွာလမ်းနဲ့ ငါးသိုင်းချောင်း- ဂွ လမ်းတွေဆုံဆည်းရာ ဂိတ်ဖြစ်ပြီး ရေနံ့သာဂိတ်နဲ့ မြောက်ဘက် ၈ မိုင်လောက်အကွာမှာရှိတဲ့ လေးမျက်နှာမြို့နယ် ချင်းလယ်ကျေးရွာကို တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့တွေက မတ် ၁၆ ရက် ညပိုင်းမှာ ဝင်ရောက်စီးနင်း တိုက်ခိုက်မှု ဖြစ်ပွားပြီးနောက် ဂိတ်ကို အခုလို ဖြတ်သန်းသွားလာခွင့် ပိတ်ပင်ထားတာလို့ ဆိုပါတယ်။
ဒေသခံတယောက်က “ရေနံ့သာဂိတ်ကနေ မော်တော်ယာဉ် ဖြတ်သန်းမှုတွေကို ပိတ်ပင်လိုက်တာ ဟုတ်ပါတယ်။ ဆိုင်ကယ်စီးနင်းသွားလာတဲ့ သူတွေကိုတော့ စစ်ဆေးမေးမြန်းပြီး ဖြတ်သွားခွင့် ပေးထားတယ်” လို့ ပြောပါတယ်။
စစ်ကောင်စီတပ်က ရေနံ့သာ စစ်ဆေးရေးဂိတ်ကို မော်တော်ယာဉ်တွေ ဖြတ်သန်းသွားလာခွင့် ပိတ်လိုက်တာကြောင့် ကုန်တင်ကားတွေ လှည့်ပြန်တာ ရှိနေတယ်လို့ ဆိုပါတယ်။
ကုန်ကားသမားတယောက်က “ကုန်စိမ်းကားတွေ လှည့်ပြန်တာ တွေ့ရတယ်။ ဆန်အိတ်တွေနဲ့ တခြားကုန်တွေ တင်ထားတဲ့ ကားတချို့က တန်းစီစောင့်နေတယ်။ ဂိတ်ဘယ်တော့ဖွင့်မလဲတော့ မသိသေးပါဘူး” လို့ ပြောပါတယ်။
စစ်ကောင်စီတပ်နဲ့ တော်လှန်ရေးတပ်တွေ တိုက်ပွဲပြင်းထန်လာနိုင်တယ်ဆိုပြီး ရေကြည်မြို့နယ်၊ ရေနံ့သာ စစ်ဆေးရေးဂိတ်အနီးက ဒေသခံတွေ အချင်းချင်း သတိပေးကာ ကြိုတင် စစ်ဘေးရှောင်နေတယ်လို့ ဆိုပါတယ်။
လက်ရှိ စစ်ကောင်စီတပ်နဲ့ တော်လှန်ရေးတပ်တွေရဲ့ တိုက်ပွဲတွေဟာ ပုသိမ်-မုံရွာ ကားလမ်းနံဘေး မိုင်တိုင် ၃၅ မိုင်၊ ရေကြည်မြို့နယ်၊ ပန်းပုကွင်းကျေးရွာအပိုင်ထဲက နဂါးရစ်တောင် အနီးအထိ ရောက်ရှိနေတယ်လို့ ဒေသခံတွေရဲ့ ပြောပြချက်အရ သိရပါတယ်။