DVB Logo
Home
မြန်မာသတင်း
တောင်ကိုရီးယားကို မြန်မာအမျိုးသမီးလုပ်သားစေလွှတ်မှု စတင်
DVB
·
March 20, 2025
တောင်ကိုရီးယားကို မြန်မာအမျိုးသမီးလုပ်သားစေလွှတ်မှု စတင်
Donate to DVB

တောင်ကိုရီးယားနိုင်ငံကို ၂ နိုင်ငံ အစိုးရချင်း သဘောတူညီမှု (EPS) စနစ်နဲ့ မြန်မာအမျိုးသမီး လုပ်သားတွေ စတင်စေလွှတ်နေပြီလို့ ဆိုးလ်မြို့ရှိ စစ်ကောင်စီသံရုံးက သတင်းထုတ်ပြန်ပါတယ်။

ကိုရီးယားနိုင်ငံဆီကို အစိုးရပြည်ပအလုပ်အကိုင်အေဂျင်စီ (POEA) ကနေတဆင့်  EPS စနစ်နဲ့ မတ် ၁၉ ရက်က ကုန်ထုတ်လုပ်သား ၅၈ ယောက်၊ သစ်တောလုပ်သား ၂၅ ယောက်၊ ဆောက်လုပ်ရေး လုပ်သား ၁၉ ယောက်၊ စိုက်ပျိုး/မွေးမြူရေးလုပ်သား ၁၅ ယောက်နဲ့ ဝန်ဆောင်မှုလုပ်သား ၇ ယောက် စေလွှတ်ခဲ့တာဖြစ်ပြီး အဲဒီထဲမှာ ဝန်ဆောင်မှုလုပ်ငန်းအတွက် အမျိုးသမီး တယောက်ပါဝင်လာတာ ဖြစ်ပါတယ်။

စစ်ကောင်စီက ဖေဖော်ဝါရီလလယ်ပိုင်းကစလို့ ပြည်ပကို အလုပ်သမားစေလွှတ်တာနဲ့ပတ်သက်ပြီး မူဝါဒပြောင်းလဲ တင်းကျပ်ခဲ့သလို စေလွှတ်ရေးလုပ်ငန်းတွေပြန်စတင်ပြီးနောက်မှာ တောင်ကိုရီးယားနိုင်ငံဆီ စေလွှတ်တဲ့အထဲမှာ အမျိုးသမီးလုပ်သားတွေ ပါဝင်လာတာပါ။

ကိုရီးယားဘာသာသင်တန်းနည်းပြတယောက်က “ဘာပဲဖြစ်ဖြစ် ကိုရီးယားနိုင်ငံကို မြန်မာအမျိုးသမီး လုပ်သား ပထမဆုံးထွက်လုပ်တဲ့ မှတ်တမ်းဖြစ်သွားတာပေါ့။ တခြားနိုင်ငံတွေက အမျိုးသမီးလုပ်သားတွေ ထွက်နေတာကြာပြီ၊ ဒီမှာက အခုမှ လမ်းပွင့်တဲ့သဘောဖြစ်တာ”လို့ ပြောပါတယ်။

တောင်ကိုရီးယားကို EPS စနစ်နဲ့ မြန်မာအမျိုးသမီးလုပ်သား စေလွှတ်တာက အခုအကြိမ်မှာ ပထမဆုံးဖြစ်ပြီး အဲဒီလို အမျိုးသမီးတွေ သွားရောက်လုပ်ကိုင်နိုင်ဖို့အတွက် ပြီးခဲ့တဲ့နှစ်ကလုပ်ခဲ့တဲ့ ကိုရီးယားဘာသာ အရည်အချင်းစစ်စာမေးပွဲ (EPS-TOPIK)မှာ  ဝန်ဆောင်မှု လုပ်ငန်းအမျိုးအစားအသစ်ကို ထည့်သွင်းခဲ့ပါတယ်။

အရင်လုပ်ခဲ့တဲ့ EPS-TOPIK စာမေးပွဲမှာ ကုန်ထုတ်၊ ဆောက်လုပ်ရေး၊ စိုက်ပျိုးရေးနဲ့ မွေးမြူရေးလုပ်ငန်းအမျိုးအစားတွေအတွက်ပဲ ပါဝင်သလို အဲဒီလုပ်ငန်းတွေမှာ အမျိုးသားတွေပဲ ဖြေဆိုခွင့်ပေးခဲ့တာပါ။

ပြီးခဲ့တဲ့နှစ်က လုပ်ခဲ့တဲ့ စာမေးပွဲမှာ ဝန်ဆောင်မှုလုပ်ငန်းအမျိုးအစားအသစ် ထည့်သွင်းခဲ့သလို တက္ကသိုလ်ဝင်တန်းအောင်အမျိုးသမီးတွေကို ဝင်ရောက်ဖြေဆိုခွင့်ပေးခဲ့ပါတယ်။

အဲဒီစာမေးပွဲမှာ အမျိုးသမီးတွေကို ပထမဆုံးဖြေဆိုခွင့်ပေးခဲ့တာကြောင့် စိတ်ဝင်စားသူ မြင့်တက်ခဲ့သလို အောင်မြင်သူ ၃၀၀၀ နီးပါးရှိခဲ့တယ်လို့ POEAရဲ့ ထုတ်ပြန်ချက်ထားတာရှိပြီး အရေအတွက်ဘယ်လောက်ခေါ်မယ်ဆိုတာ မသိပါဘူး။

တောင်ကိုရီးယားကို မြန်မာအမျိုးသမီးလုပ်သားအနေနဲ့ ပထမဆုံးသွားရောက်လုပ်ကိုင်ခွင့်ရသူက မယမင်းသူ ဖြစ်ပြီး နောက်ထပ် အမျိုးသမီးလုပ်သားတွေလည်း ဆက်လက် သွားခွင့်ရဖို့ စိတ်အားထက်သန်နေပါတယ်။

မြန်မာအမျိုးသမီးလုပ်သားတယောက်အနေနဲ့ တောင်ကိုရီးယားနိုင်ငံဆီ တရားဝင်ပထမဆုံးသွား လုပ်ခွင့်ရတာဖြစ်လို့ အတွေ့အကြုံ၊ အခြေအနေတွေ မျှဝေပေးဖို့နဲ့ သဘောကောင်းတဲ့ အလုပ်ရှင်နဲ့တွေ့ဖို့  မယမင်းသူရဲ့ လူမူကွန်ရက်တွေကနေ တောင်းဆို၊ ဆုတောင်းပေးနေတာတွေ ရှိပါတယ်။

လက်ရှိ တောင်ကိုရီးယားမှာ မြန်မာလုပ်သား ၇၀၀၀၀ နီးပါးရောက်ရှိလုပ်နေတယ်လို့ ထုတ်ပြန်ချက်တွေ အရသိရပါတယ်။

စစ်ကောင်စီအနေနဲ့ အစိုးရချင်း သဘောတူညီချက်နဲ့ စေလွှတ်နေတဲ့ တောင်ကိုရီးယားဆီ လုပ်သားပို့ရေးကို ဖြေလျှော့ပေးတာမျိုးရှိပေမဲ့ တခြားနိုင်ငံတွေဆီ လုပ်သားစေလွှတ်တဲ့အပေါ်မှာတော့ တင်းကျပ်ထိန်းချုပ်တာတွေ ရှိနေပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013