
ISS နိုင်ငံတကာ အာကာသစခန်းမှာ ၉ လကြာ သောင်တင်နေတဲ့ နာဆာအာကာသယာဉ်မှူး တွေဟာ မတ် ၁၉ ရက်က ကမ္ဘာကို ပြန်ရောက်လာပါတယ်။
နာဆာရဲ့ အာကာသယာဉ်မှူးတွေဖြစ်တဲ့ ဘတ်ဝီလ်မိုးနဲ့ ဆူနီဝီလျံတို့ဟာ Space X ယာဉ်နဲ့ ကမ္ဘာကို ပြန်ခဲ့တာဖြစ်ပြီး အဲဒီယာဉ်ဟာ ဖလောရီဒါကမ်းရိုးတန်းက ရေပြင်ကို လေထီးတွေနဲ့ ဆင်းသက်ခဲ့တာ ဖြစ်ပါတယ်။
ဘတ်နဲ့ ဆူနီတို့ဟာ နိုင်ငံတကာ အာကာသစခန်းကို ၈ ရက်ကြာ သွားရောက်ခဲ့တာဖြစ်ပေမဲ့ စီးလာတဲ့ အာကာသယာဉ် နည်းပညာချို့ယွင်းမှုကြောင့် ၉ လကြာမြင့်ခဲ့တာ ဖြစ်ပါတယ်။
အာကာသထဲမှာ အနေကြာခဲ့တဲ့ ဘတ်နဲ့ ဆူနီတို့ ၂ ယောက်စလုံး ဆေးစစ်မှုပြုလုပ်ရမှာ ဖြစ်ပါတယ်။ အာကာသထဲမှာ ကာလရှည်နေတာက လူတွေအတွက် အရိုးသိပ်သည်းစ ဆုံးရှုံးမှုနဲ့ ကြွက်သားဆုံးရှုံးမှုတွေ ခံစားရပါတယ်။
သွေးလည်ပတ်မှုနဲ့ အမြင်အာရုံထိခိုက်မှုတွေလည်း ရှိနိုင်ပါတယ်။ အာကာသယာဉ်မှူးတွေဟာ အာကာသထဲကနေ ပြန်လာပြီးနောက် ပုံမှန်အတိုင်းဖြစ်ဖို့ အချိန်အကြာကြီး ယူရပါတယ်။
သူတို့ ၂ ယောက်ဟာ နိုင်ငံတကာအာကာသစခန်းမှာ ရှိတဲ့အချိန် အာကာသထဲ လမ်းလျှောက်မှုနဲ့ အာကာသစခန်းအပြင်မှာလည်း အလုပ်လုပ်ဆောင်ခဲ့တာ တွေ့ရပါတယ်။
အဲဒါကြောင့် ဆူနီဟာ အာကာသစခန်းအပြင်ဘက် အာကာသထဲမှာ နာရီအများဆုံး နေထိုင်တဲ့ အမျိုးသမီးအဖြစ် စံချိန်သစ် တင်နိုင်ခဲ့ပါတယ်။
Source : Reuters










