
ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ်မှာ မတ် ၁၈ ရက် နေ့လယ်ပိုင်းမှာ စစ်ကောင်စီတပ်က ထောင်ထားခဲ့တဲ့ စစ်ကျန်မိုင်းနင်းမိပြီး ပြည်သူတယောက် အပြင်းအထန် ဒဏ်ရာရရှိခဲ့တယ်လို့ ဒေသခံတွေဆီကနေ သိရပါတယ်။
မောင်တောမြို့နယ်၊ ရွှေဇားချောင်းကမ်းနားမှာ မတ် ၁၈ ရက် နေ့လယ် ၁၂ နာရီ ၄၀ မိနစ်လောက်မှာ စစ်ကောင်စီတပ်က ထောင်ထားခဲ့တဲ့ စစ်ကျန်မြေမြှုပ်မိုင်းနင်းမိပြီး ပြည်သူတယောက် ဘယ်ဘက်ခြေထောက် ပြတ်ထွက်ကာ အပြင်းအထန် ဒဏ်ရာရရှိခဲ့တာလို့ မောင်တောဒေသခံတယောက်က DVB ကို ပြောပါတယ်။
ဒဏ်ရာရရှိခဲ့တဲ့သူကတော့ လသာရပ်ကွက်က အသက် ၄၄ နှစ်အရွယ် အဒူဟာလေ့ခ် ဖြစ်ပြီး ရွှေဇားချောင်းမှာ ငါးရှာသွားတဲ့အချိန် စစ်ကောင်စီတပ်က ထောင်ထားခဲ့တဲ့ မြေမြှုပ်မိုင်းနင်းမိပြီး အပြင်းအထန် ဒဏ်ရာရရှိကာ နီးစပ်ရာ ဆေးရုံတခုမှာ အရေးပေါ် ဆေးဝါးကုသမှု ခံယူနေရတယ်လို့ ဆိုပါတယ်။
ရခိုင်ပြည်နယ်၊ တောင်ကုတ်မြို့မှာလည်း မတ် ၁၇ ရက် မနက်မှာ စစ်ကောင်စီတပ်က ထောင်ထားခဲ့တဲ့ စစ်ကျန်မိုင်း နင်းမိပြီး အမျိုးသမီးတယောက် အပြင်းအထန် ဒဏ်ရာရရှိခဲ့တယ်လို့ ဒေသခံတွေဆီကနေ သိရပါတယ်။
ရခိုင်ပြည်နယ်အတွင်းမှာ ဖေဖော်ဝါရီ တလအတွင်း စစ်ကောင်စီတပ်က ထောင်ထားခဲ့တဲ့ မြေမြှုပ်မိုင်းနဲ့ စစ်ကျန်လက်နက် ပေါက်ကွဲမှုကြောင့် အရပ်သားပြည်သူ ၈ ယောက်ထက်မနည်း သေဆုံးကာ ၂၀ ထက်မနည်း ဒဏ်ရာရရှိခဲ့တယ်လို့ ဒေသခံတွေဆီကနေ သိရပါတယ်။