DVB Logo
Home
မြန်မာသတင်း
ဘားအံတွင် ဖမ်းထားသည့်  ကုန်တင်ကားများထဲမှ အစီး ၂၀၀ ကျော်ကို ပြန်လွှတ်ပေး
DVB
·
March 19, 2025
ဘားအံတွင် ဖမ်းထားသည့်  ကုန်တင်ကားများထဲမှ အစီး ၂၀၀ ကျော်ကို ပြန်လွှတ်ပေး
Donate to DVB

ကရင်ပြည်နယ်၊ ဘားအံမြို့မှာ ဖမ်းဆီးခံထားရတဲ့ ကုန်တင်ယာဉ် ၃၆၂ စီးထဲက အစီး ၂၀၀ ကျော်ကို  ပြန်လွှတ်ပေးခဲ့ပြီး လက်နက်ကိုင်အဖွဲ့အစည်းတွေနဲ့ ပတ်သက်တဲ့  ကုန်တင်ယာဉ် အစီး ၁၀၀ နီးပါသာ ကျန်ရှိနေတယ်လို့ ဘားအံမြို့ ရပ်မိရပ်ဖတွေက ပြောပါတယ်။

မတ် ၅ ရက် ညကစပြီး ဘားအံမြို့မှာ ထိုင်းနိုင်ငံထုတ် ကုန်စည်တွေ တင်ဆောင်လာတဲ့ ကုန်တင်ယာဉ် ၃၆၂ စီးကို မော်လမြိုင်အခြေစိုက် အရှေ့တောင်တိုင်း စစ်ဌာနချုပ် ဒုတိုင်းမှူးအမိန့်နဲ့ ဖမ်းဆီးခဲ့တာပါ။

ဖမ်းဆီးခံထားရတဲ့ ကုန်တင်ယာဉ် ၃၆၂ စီးထဲက တရားဝင် ကုန်စည်တွေ တင်ဆောင်လာတာ ဟုတ်၊ မဟုတ် ပြည်နယ်အကောက်ခွန်ဦးစီးဌာနက  စစ်ဆေးခဲ့တာပါ။

ရပ်မိရပ်ဖတယောက်က “ယာဉ်အစီးရေ ၁၀၀ အောက်ကျန်သေးတယ်။ လက်နက်ကိုင် အဖွဲ့အစည်းနဲ့ပတ်သက်တဲ့ ကားချည်းပဲ။ လောလောဆယ်တော့ သူတို့ ညှိနှိုင်းကြမှာပေါ့။  တပ်ဖွဲ့ရန်ပုံငွေပဲ ပြောမှာပေါ့။ လက်နက်ကိုင်နဲ့တော့ ဖြေရှင်းရမယ်။ အခုထိကြည့်ရတာ ညှိနှိုင်းတုန်းပဲ။ အဲဒီလောက်ပဲ သိရသေးတယ်။ ဘယ်လို လုပ်မလဲဆိုတာ မသိသေးဘူး” လို့ ပြောပါတယ်။

ပြီးခဲ့တဲ့ အောက်တိုဘာ ၉ ရက်က တရားမဝင် ဝင်ရောက်လာတဲ့ကုန်ပစ္စည်းတွေကို နယ်စပ်ဒေသနဲ့ ကုန်သွယ်မှုလမ်းကြောင်းတွေအပြင် ပြည်တွင်းသိုလှောင်ရုံနဲ့ ဈေးကွက်တွေအထိ ဝင်ရောက် စစ်ဆေးအရေးယူသွားဖို့ ဒုစစ်ခေါင်းဆောင် ဒု-ဗိုလ်ချုပ်မှူးကြီးစိုးဝင်းက ညွှန်ကြားခဲ့ပြီးနောက် ဖမ်းဆီးမှုတွေ ဆက်တိုက် လုပ်ဆောင်လာပါတယ်။

မတ် ၁၈ ရက်ကလည်း မြဝတီမြို့ကနေ့ ကုန်စည်တင်ဆောင်လာတဲ့ ၆ ဘီးကား ၈ စီးကို ထပ်မံဖမ်းဆီးပြီးနောက် ယာဉ်လိုင်စင်နဲ့ တရားဝင်ကုန်စည်တွေ တင်ဆောင်လာတာ ဟုတ် မဟုတ် စစ်ဆေးခဲ့တယ်လို့ ဘားအံမြို့ရပ်မိရပ် ဖတွေက ပြောပါတယ်။

စစ်ကောင်စီရဲ့ သတ်မှတ်ဒေါ်လာဈေးအတိုင်း ရရှိတာ၊ အခွန်အခ များပြားတာကြောင့်  လူကောင်းကို သူခိုးဖြစ်အောင်လုပ်နေတာလို့ ကုန်သည်တွေက ပြောပါတယ်။

နယ်စပ် ကုန်သည်တယောက်က “သမင်မွေးရင် ကျားစားရင်း ဒီလိုပဲလုပ်ရင်း ကိုင်ရင်းနဲ့ပဲ  ဘာကျန်မလဲ။ အလုပ်တခုလုပ်တာ အရင်းနှီးကများတယ်။  လမ်းကြေးကများမယ်။ အခု အဖမ်းအဆီးပါ များမယ်ဆိုရင် ဘာကျန်တော့မလဲ။ အခွန်အခတွေများတယ်။ ဒေါ်လာတွေနဲ့ မဆောင်နိုင်တော့ လူကောင်းကို သူခိုးဖြစ်အောင်လုပ်တာ။ ရိုးရိုးသားသားလုပ်ချင်တယ်။ ရိုးရိုးသားသားမရဘူးလေ။ နောက်ဆုံးတော့ စားသုံးသူလက်ထဲရောက်တော့ မတန်မဆတွေ ဖြစ်တယ်”လို့ ပြောပါတယ်။

ဖမ်းဆီးခံထားရတဲ့ ကုန်စည်၊ ကုန်တင်ယာဉ်တွေနဲ့ပတ်သက်ပြီး KNU ခွဲထွက်အဖွဲ့တဖွဲ့ဖြစ်တဲ့  KNU/ KNLA(PC)က ဘားအံ ဆက်ဆံရေးရုံး ရုံးထိုင်မှူးနဲ့ စီးပွားရေးတာဝန်ခံကို DVB က ဆက်သွယ်မေးမြန်းရာ ဖုန်းလက်ခံဖြေဆိုတာ မရှိခဲ့ပါဘူး။

မတ် ၁၈ ရက်ကလည်း ဘားအံမြို့  ဗိုလ်ချုပ်လမ်းမ‌ပေါ် ဇွဲကပင်ပလာဇာနားမှာ စစ်ကောင်စီလက်အောက်ခံအဖွဲ့တွေက လိုင်စင်မဲ့ ဆိုင်ကယ်တွေကို ဖမ်းဆီးခဲ့ရာ ဆိုင်ကယ်ရာချီပြီး ဖမ်းဆီးခံထားရတယ်လို့ ဘားအံမြို့ခံတွေက ပြောပါတယ်။

အောင်ခန့်

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013