DVB Logo
Home
မြန်မာသတင်း
ရန်ကုန်တွင် ကျပ်သန်းပေါင်း ၁ သိန်းခန့် တန်ဖိုးရှိသည့် မူးယစ်ဆေးများ ဖမ်းမိ
DVB
·
March 19, 2025
ရန်ကုန်တွင် ကျပ်သန်းပေါင်း ၁ သိန်းခန့် တန်ဖိုးရှိသည့် မူးယစ်ဆေးများ ဖမ်းမိ
Donate to DVB

ရန်ကုန်တိုင်းထဲမှာ ငွေကျပ် သန်းပေါင်း ၁ သိန်းလောက် တန်ဖိုးရှိတဲ့ မူးယစ်ဆေးတွေ ဖမ်းဆီးရမိပြီး အာရက္ခတပ်တော် (AA) နဲ့ ပတ်သက်တယ်လို့ စစ်ကောင်စီလက်အောက်ခံ မူးယစ်ဆေးထိန်းချုပ်ရေး ဗဟိုကော်မတီ (CCDAC) က မတ် ၁၈ ရက် ညပိုင်းမှာ စွပ်စွဲ ထုတ်ပြန်လိုက်ပါတယ်။

မူးယစ်ဆေးဝါး တားဆီးနှိမ်နင်းရေးရဲတွေ ပါတဲ့ ပူးပေါင်းအဖွဲ့ဟာ မတ် ၆ ရက် ညပိုင်းက ရန်ကုန်၊ တောင်ဒဂုံမြို့နယ်၊ ၁၄၄ ရပ်ကွက် ဂိုဒေါင်တခုကို သတင်းအရရှာဖွေရာမှာ သန်းလွင်၊ ဝေယျာအောင် (ခ) သားကြီး၊ သန့်ကောင်းဆက် (ခ) ပေါင်ချိန်၊ ရဲရင့်နိုင်၊ လှသန်းဦး (ခ) ရာကွတ် တို့ ၅ ယောက်ကို အိုက်စ်(မက်သ်အဖက်တမင်း) ၁ ဒသမ ၂ တန်၊ Toyota Hilux တစီး၊ Toyota Land Cruiser တစီး၊ Mercedes Benz တစီးတို့နဲ့အတူ ဖမ်းမိခဲ့တယ်လို့ ဆိုပါတယ်။

စစ်ဆေးဖော်ထုတ်ချက်အရ သိမ်းဆည်းရမိတဲ့ အိုက်စ်တွေကို ‘ဝ’ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ပန်ဆန်းမြို့မှာနေထိုင်တဲ့ တင်မောင်ဝင်းရဲ့ အစီအမံနဲ့ သန်းလွင်က တာဝန်ခံ သယ်ဆောင် ရောင်းဝယ်တာဖြစ်ပြီး သန်းလွင်ဆီကနေ ရန်ကုန်မြို့မှာ တဆင့်ရောင်းချသူ ဟိန်းစည်သူ (ခ) ဇော်ဇော်အောင် (ခ) အောင်ကိုကို (ခ) ထင်လင်းပြည့်ကို သာကေတမြို့နယ်၊ ရှုခင်းသာလမ်းမှာ ဖမ်းမိပြီး တဆင့်ပြန်ရောင်းဖို့ ချိတ်ဆက်ပေးသူ တင်လှ (ခ) စသစ်ကိုတော့ တောင်ဒဂုံ ၁၀၄ ရပ်ကွက်မှာ ဖမ်းဆီးမိခဲ့တယ်လို့ ဆိုပါတယ်။

သတင်းကွင်းဆက်အရ မတ် ၆ ရက် ည ၉ နာရီခွဲမှာ မြောက်ဥက္ကလာပမြို့နယ်၊ ဌ ရပ်ကွက်၊ သုဓမ္မာလမ်းမကြီးမှာ ကျော်ကျော်သိန်း (ခ) ကျော်ကျော် (ခ) အသေးလေး မောင်းနှင်လာတဲ့ Hyundai Box ကားကို ရှာဖွေရာမှာ ကားပေါ်ကနေ အိုက်စ် ၁ ဒသမ ၂၆၅ တန်နဲ့ ကက်တမင်း ၂၀၀ ကီလို ဖမ်းဆီးရမိခဲ့သေးတယ်လို့လည်း ဆိုပါတယ်။

စစ်ဆေးဖော်ထုတ်ချက်အရ အဲဒီစိတ်ပြောင်းဆေးဝါးတွေကို မလေးရှားပင်လယ်ရေပြင်ဆီကို ချိတ်ဆက် ပို့ဆောင်ရောင်းချဖို့ စီမံခန့်ခွဲသူဟာ AA ရဲ့ စီးပွားရေးတာဝန်ခံ ရဲဝင်း (ခ) ကျော်စိုးလင်းနဲ့ သူ့ရဲ့ဇနီးဖြစ်သူ ရွှေကောင်းသာ စက်လှေပိုင်ရှင် မသီတာမြင့်တို့ ဖြစ်တယ်လို့ CCDAC က ဖော်ပြထားပါတယ်။

ရန်ကုန်မှာ မူးယစ်ဆေးဝါးတွေ လက်ခံပြီး ရွှေကောင်းသာစက်လှေနဲ့ မလေးရှားပင်လယ်ပြင်ကို တာဝန်ခံပို့ဆောင်သူ မင်းမင်းစိုးကို ရှမ်းပြည်နယ်တောင်ပိုင်း၊ လွိုင်လင်မြို့မှာ ဖမ်းဆီးရမိခဲ့ပြီး သူဟာ ၂၀၂၃ ခုနှစ်၊ ဖေဖော်ဝါရီလတုန်းက မူးယစ်ဆေးဝါးတွေကို မလေးရှားပင်လယ်ပြင်ဆီကို ရွှေကောင်းသာစက်လှေနဲ့ တင်ပို့ခဲ့တယ်လို့ ဆိုပါတယ်။

မလေးရှားကို မူးယစ်ဆေးဝါးတွေ ပို့ဆောင်ရာမှာ ဦးစီးလုပ်ကိုင်သူ မျိုးမင်းစိုး (ခ) ကိုမျိုးကို မြောက်ဥက္ကလာပမြို့နယ်၊ သုဓမ္မာလမ်းမကြီးမှာ Celsior ကားနဲ့အတူ ဖမ်းဆီးရမိခဲ့ပြီး သူနေထိုင်တဲ့ မြောက်ဒဂုံ ၄၉ ရပ်ကွက်အိမ်ကနေ အိုက်စ် ၁ တန် ထပ်မံသိမ်းဆည်း ရမိခဲ့တယ်လို့လည်း ဆိုပါတယ်။

စိတ်ပြောင်းဆေးဝါးတွေ မလေးရှားပင်လယ်ပြင်ဆီကို ရွှေကောင်းသာစက်လှေနဲ့ သယ်ဆောင်ရာမှာ ပူးပေါင်းပါဝင်တဲ့ ကျော်ဝေထွန်း၊ သိန်းထွန်း (ခ) သန့်ဇင်၊ ရန်ရှင်းအောင်နဲ့ ဇော်ဇော်အောင် တို့ကို ဆိပ်ကြီးခနောင်တိုမြို့နယ်၊ ဆမားဒူးဝါး အပိုင်း ၄ ရပ်ကွက်မှာ ရွှေကောင်းသာစက်လှေနဲ့အတူ ဖမ်းဆီးရမိခဲ့ပြီး စုစုပေါင်း ဖမ်းဆီးရမိတဲ့ အိုက်စ် ၃ ဒသမ ၄၆၅ တန်နဲ့ ကက်တမင်း ၂၀၀ ကီလိုရဲ့ ဒေသကာလတန်ဖိုးဟာ ငွေကျပ် သန်းပေါင်း ၉၆,၀၀၀ ငွေကျပ် (၉၆ ဘီလီယံ)  ဖြစ်တယ်လို့လည်း ဆိုပါတယ်။

ရဲဝင်း (ခ) ကျော်စိုးလင်းနဲ့ သူ့ဇနီး မသီတာမြင့်တို့ဟာ တန့်ယန်း၊ တောင်ကြီး၊ မန္တလေးနဲ့ ရန်ကုန်မြိုတို့မှာ မော်တော်ယာဉ်ဂိတ်တွေဖွင့်ပြီး သူတို့ပိုင် ခရီးသည်တင်မှန်လုံယာဉ် ၁၆ စီးနဲ့ သယ်ယူပို့ဆောင်ရေးလုပ်ငန်းတွေ လုပ်ကိုင်နေတာ သိရတာကြောင့် သူတို့ကို မူးယစ်ဆေးဝါးနဲ့ စိတ်ကိုပြောင်းလဲစေတဲ့ ဆေးဝါးများဆိုင်ရာ ဥပဒေအရ အရေးယူထားပြီး မူးယစ်ဆေးဝါး သယ်ဆောင်ရောင်းဝယ်ရာက ရတဲ့ ငွေကြေးအကျိုးအမြတ်တွေ၊ ပိုင်ဆိုင်မှုတွေကို ပြည်သူ့ဘဏ္ဍာအဖြစ် သိမ်းဆည်းနိုင်ရေးအတွက် ငွေကြေးခဝါချမှုတိုက်ဖျက်ရေးဥပဒေနဲ့ ဆက်လက်အရေးယူနိုင်ရေး ဆောင်ရွက်နေတယ်လို့လည်း CCDAC က ဖော်ပြထားပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013