DVB Logo
Home
မြန်မာသတင်း
ရခိုင်တွင် တက္ကသိုလ်ဝင်တန်းဖြေဆိုမည့်သူ တဝက်ကျော် ပျက်ကွက်
DVB
·
March 19, 2025
ရခိုင်တွင် တက္ကသိုလ်ဝင်တန်းဖြေဆိုမည့်သူ တဝက်ကျော် ပျက်ကွက်
Donate to DVB

စစ်ရေးပဋိပက္ခတွေ ပြင်းထန်နေတဲ့ ရခိုင်ပြည်နယ်မှာ အခုနှစ် တက္ကသိုလ်ဝင်တန်းစစ်ဆေးနေမှုမှာ ဖြေဆိုခွင့်လျှောက်ထားသူ ၃,၂၆၄ ယောက် ရှိတဲ့အထဲက ဖြေဆိုဖို့ ပျက်ကွက်သူ ၁,၇၀၀ အထိ ရှိခဲ့တာကြောင့် ကျောင်းသားတဝက်ကျော်အထိ စာမေးပွဲဖြေဆိုနိုင်ခြင်း မရှိဘူးလို့ စစ်ကောင်စီက မတ် ၁၈ ရက်မှာ ထုတ်ပြန်ပါတယ်။

ရခိုင်ပြည်နယ်မှာ စစ်ကောင်စီထိန်းချုပ်ထားဆဲဖြစ်တဲ့ စစ်တွေ၊ ကျောက်ဖြူနဲ့ မာန်အောင်မြို့နယ် ၃ ခုတည်းမှာသာ တက္ကသိုလ်ဝင်စာမေးပွဲ စစ်ဆေးနိုင်တာဖြစ်ပြီး ဖြေဆိုခွင့်လျှောက်ထားတဲ့ ကျောင်းသား ၁,၄၁၇ ယောက်ထဲက ၇၄၁ ယောက်သာ ဖြေဆိုပြီး ကျောင်းသူ ၁,၈၄၇ ယောက် လျှောက်ထားတဲ့အထဲက ဖြေဆိုသူ ၈၂၃ ယောက်သာရှိကာ ဖြေဆိုမှုရာခိုင်နှုန်း ၄၇ ဒသမ ၉၂ ရှိပြီး ပျက်ကွက်သူ ၅၂ ဒသမ ၀၂ ရာခိုင်နှုန်း ရှိခဲ့တာလို့ သိရပါတယ်။

စစ်ကောင်စီက လက်ရှိ စာမေးပွဲစစ်ဆေးနေတဲ့ မြို့တွေကို ပိတ်ဆို့ထားတာကြောင့် စာမေးပွဲဖြေဆိုမယ့် ကလေးတွေဟာ ဖြေဆိုဖို့ သွားလာရေး လုံခြုံရေးစိုးရိမ်ချက်ကြောင့် အခုလို ပျက်ကွက်သူ ထက်ဝက်ကျော်အထိ ရှိခဲ့တာလို့ စစ်တွေမြို့ရှိ ပညာရေးဝန်ထမ်းတယောက်က ပြောပါတယ်။

“စာမေးပွဲဖြေဆိုသူကတော့ ထက်ဝက်ကျော်လောက်အထိ ပျက်ကွက်မှုရှိတယ်။ စစ်မက်ကာလလည်း ဖြစ်နေတာကြောင့် အခုစာမေးပွဲစစ်ဆေးနေတဲ့ မြို့တွေကို စစ်တပ်က လုံခြုံရေးအရ ပိတ်ဆို့ထားတဲ့အခါ နယ်မှာရောက်နေတဲ့ ကျောင်းသူတွေအဖို့ ဘယ်လိုမှ စာမေးပွဲလာဖြေဖို့ မဖြစ်နိုင်တော့ဘူး။ မြို့တွင်းမှာရှိနေတဲ့ ကျောင်းသားတွေလောက်ပဲ စစ်ဆေးနိုင်တော့တာ ဖြစ်တယ်။”

အခုစစ်ဆေးနေတဲ့ စာမေးပွဲကို မတ် ၁၇ ရက်က စတင်စစ်ဆေးနေကြတာဖြစ်ပြီး မတ် ၂၂ ရက်မှာ ပြီးစီးမယ်လို့ မြန်မာနိုင်ငံစာစစ်ဦးစီးဌာနက ထုတ်ပြန်ထားပါတယ်။

လက်ရှိ စာမေးပွဲစစ်ဆေးနေတဲ့ စစ်တွေမြို့နယ်နဲ့ ကျောက်ဖြူမြို့နယ်တို့မှာ စစ်ကောင်စီနဲ့ အာရက္ခတပ်တော်တို့အကြား နှစ်ဖက်တိုက်ပွဲတွေ ပြင်းထန်နေပြီး စာမေးပွဲစစ်ဆေးနေတဲ့ ကျောင်းတွေကလည်း လက်နက်ကြီးပစ်ခတ်သံတွေကို အတိုင်းသား ကြားနေရတယ်လို့ ကျောင်းသားမိဘတွေက ပြောပါတယ်။

စစ်တွေမြို့က ကျောင်းသားမိဘတယောက်က “စစ်တွေမှာတော့ စာမေးပွဲမစစ်ခင် ၃ ရက်လောက်ကတည်းက နှစ်ဖက် တိုက်ပွဲဖြစ်ပွားနေကြတာ။ တိုက်ပွဲဆိုတာထက် လက်နက်ကြီး အပြန်အလှန် ပစ်ခတ်နေကြတာပေါ့။ ပစ်ခတ်သံတွေ နေ့တိုင်း ထွက်ပေါ်နေတာကြောင့် ကလေးတွေလည်း စာဖြေကြရတာ စိတ်မတင်မကျနဲ့ ဖြေနေကြရတာ ဖြစ်တယ်” လို့ ပြောပါတယ်။

ရခိုင်ပြည်နယ်မှာ လက်ရှိ စာမေးပွဲစစ်ဆေးနေတဲ့ မြို့နယ် ၃ ခုမှာ စာစစ်ဌာန ၈ ခု ဖွင့်လှစ်ပြီး စစ်ဆေးနေတာ ဖြစ်ပါတယ်။

ရခိုင်ပြည်နယ်မှာ စစ်ကောင်စီထိန်းချုပ်ထားဆဲဖြစ်တဲ့ စစ်တွေနဲ့ ကျောက်ဖြူကို အာရက္ခတပ်တော်က ဇန်ဝါရီလကတည်းက ထိုးစစ်ဆင် တိုက်ခိုက်နေတာဖြစ်ပြီး စစ်ကောင်စီဘက်ကလည်း လေကြောင်း၊ ဒရုန်းနဲ့ အဓိကခုခံတိုက်ခိုက်နေတာ ဖြစ်ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013