
ဟွန်ဒူးရပ်စ်နိုင်ငံ ကာရေဘီယံ ကမ်းရိုးတန်းမှာ မတ် ၁၇ ရက် ညက Jetstream ခရီးသည်တင်လေယာဉ်ဟာ ရိုဝါတန်းကျွန်းကနေ ပျံတက်ပြီး မိနစ်ပိုင်းအတွင်းမှာပဲ ပင်လယ်ထဲ ပျက်ကျသွားခဲ့တာကြောင့် လူ ၇ ယောက် သေဆုံးခဲ့ပြီး အပျက်အစီးထဲမှ ၁၀ ယောက်ကို အသက်ရှင်လျက် ကယ်ထုတ်နိုင်ခဲ့တယ်လို့ တာဝန်ရှိသူတွေက ပြောပါတယ်။
ဟွန်ဒူးရပ်စ် လေကြောင်းလိုင်း လန်ဆာမှ လည်ပတ်ပြေးဆွဲတဲ့ Jetstream လေယာဉ်မှာ ခရီးသည် ၁၄ ယောက်နဲ့ လေယာဉ်အမှုထမ်း ၃ ယောက်ကို တင်ဆောင်ထားကြောင်း နိုင်ငံရဲ့ သယ်ယူပို့ဆောင်ရေးဝန်ကြီးက ပြောကြားခဲ့ပြီး အပျက်အစီးတွေကို ကျွန်းရဲ့ကမ်းရိုးတန်းမှ ၁ ကီလိုမီတာ (၀.၆ မိုင်) အကွာမှာ တွေ့ရှိခဲ့ကြောင်းလည်း ပြောကြားခဲ့ပါတယ်။
အမျိုးသားရဲတပ်ဖွဲ့ဆီမှ မျက်မြင်သက်သေ ဗီဒီယိုထဲမှာ အရာရှိတွေနဲ့ တခြားကယ်ဆယ်ရေး လုပ်သားတွေဟာ အသက်ရှင် ကျန်ရစ်သူတွေကို ကျောက်ဆောင် ကမ်းရိုးတန်းပေါ်၊ တချို့ကိုတော့ ထမ်းစင်ပေါ်ကို တင်ပေးနေတာကို ပြထားပါတယ်။
ဒေသတွင်း မီဒီယာမှ ဖော်ပြထားတဲ့ လေယာဉ်ပျံ ပျံသန်းမှု မှတ်တမ်းအရ ခရီးသည်တွေထဲမှာ အမေရိကန် အမျိုးသားတယောက်၊ ပြင်သစ် နိုင်ငံသားတယောက်နဲ့ အရွယ်မရောက်သေးသူ ၂ ယောက် ပါဝင်ကြောင်း သိရပါတယ်။ အဲဒီလေယာဉ်ဟာ ဟွန်ဒူးရပ်စ်ပြည်မကြီးရှိ La Ceiba လေဆိပ်ကို ပျံသန်းဖို့ စီစဉ်ထားတာလို့ ဆိုပါတယ်။
Source: Reuters