
မတ် ၂၀ ရက် ကျရောက်မယ့် ၃၂ နှစ်ပြည့် ချင်းတော်လှန်ရေးနေ့ အထိမ်းအမှတ်အဖြစ် အကျဥ်းသား ၇၂ ယောက်ကို လွတ်ငြိမ်းချမ်းသာခွင့် ပေးခဲ့တယ်လို့ ချင်းအမျိုးသားတပ်ဦး (CNF) က ထုတ်ပြန်ပါတယ်။
ချင်းအမျိုးသားတပ်ဦးဟာ ၂၀၂၅ ခုနှစ်အတွင်း နိုင်ငံရေး၊ စစ်ရေး၊ သံတမန်အရေး လှုပ်ရှားမှုတွေကို အရှိန်အဟုန် တိုးမြှင့်လုပ်ဆောင်သွားမယ်လို့လည်း ထုတ်ပြန်ချက်မှာ ပါရှိပါတယ်။
ချင်းအမျိုးသားတပ်မတော်နဲ့ ဒေသန္တရကာကွယ်ရေးတပ်ဖွဲ့ဟာ ၂၀၂၅ ခုနှစ် ၂ လတာအတွင်း စစ်ကောင်စီတပ်ရဲ့ စခန်းတချို့ကို သိမ်းပိုက်နိုင်ခဲ့ပြီး ရန်သူ ၃၀ ကို ရှင်းလင်းနိုင်ခဲ့တဲ့အပြင် စစ်သုံ့ပန်း ၂၀ ကို ဖမ်းဆီးနိုင်ခဲ့ကာ ရန်သူ့လက်နက် ၈၀ လောက်ကိုလည်း သိမ်းယူနိုင်ခဲ့တယ်လို့ သိရပါတယ်။
ချင်းလဲန်းအတွင်း စစ်ကောင်စီကင်းစင်ရေးနဲ့ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေ သြဇာသက်ရောက်မှု အဆုံးသတ်ရေး၊ စစ်မှန်သော ဖက်ဒရယ်ပြည်ထောင်စု တည်ဆောက်ရေးအတွက် ညီနောင်တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့အစည်းများ၊ ပြည်သူ့ကာကွယ်ရေးတပ်များနဲ့ လက်တွဲပြီး အဆုံးတိုင် တိုက်ပွဲဝင်သွားမယ်လို့လည်း ထုတ်ပြန်ချက်မှာ ပါရှိပါတယ်။
အာဏာသိမ်း စစ်အုပ်စုရဲ့ ဖျက်ဆီးမှုကြောင့် ဆုံးရှုံးခဲ့တဲ့ ပြည်သူတွေရဲ့ လူနေမှုဘဝ ပြန်လည်ထူထောင်ရေးအတွက် နိုင်ငံတကာအစိုးရတွေ၊ အဖွဲ့အစည်းတွေ၊ စေတနာရှင်တွေအနေနဲ့ ကူညီပေးဖို့ကိုလည်း တောင်းဆိုထားပါတယ်။










