
လွန်ခဲ့တဲ့ အနှစ် ၂၀ အတွင်း ပြစ်မှုထင်ရှားစီရင်ခံခဲ့ရတဲ့ တက်ကြွလှုပ်ရှားသူ ရာနဲ့ချီကို လွတ်ငြိမ်းခွင့်ပေးမဲ့ ဥပဒေကြမ်းတရပ်ကို ထိုင်းလွှတ်တော်က ဇူလိုင် ၈ ရက်မှာ အတည်ပြုလိုက်ပါတယ်။
ဒီဥပဒေမှာ အရင်က ပဋိပက္ခဖြစ်ခဲ့ကြတဲ့ ရှပ်ဝါနဲ့ ရှပ်နီ အဖွဲ့ဝင်တွေအပြင် ၂၀၂၀ နဲ့ ၂၀၂၁ ခုနှစ်က ဒီမိုကရေစီရေး လှုပ်ရှားခဲ့တဲ့ လူငယ်တွေလည်း အကျုံးဝင်ပါတယ်။
ဒါပေမဲ့ အဂတိလိုက်စားမှု၊ ဒါမှမဟုတ် တော်ဝင်မိသားစုကို စော်ကားမှုနဲ့ ပြစ်ဒဏ်ကျခံရသူတွေတော့ မပါဝင်ပါဘူး။
ဒါကြောင့် မကြာသေးခင်ကမှ လွတ်ငြိမ်းခွင့်နဲ့ လွတ်မြောက်လာတဲ့ ဝန်ကြီးချုပ်ဟောင်း သက်ဆင်ရှင်နာဝပ်နဲ့ ဘုရင်စနစ် ပြုပြင်ပြောင်းလဲရေး တောင်းဆိုခဲ့ကြတဲ့ လူငယ်ခေါင်းဆောင်တွေဟာ ဒီအကျိုးခံစားခွင့်ကို ရရှိမှာ မဟုတ်ပါဘူး။
ဆူခိုထိုင်းတက္ကသိုလ်က လေ့လာဆန်းစစ်သူ ယုဒ္ဓပွန် အစ္စရာချိုင်းက “ဒါဟာ အနှစ် ၂၀ စာ အကျုံးဝင်တဲ့အတွက် နိုင်ငံရဲ့ အကြီးမားဆုံး လွတ်ငြိမ်းချမ်းသာခွင့် ဖြစ်ပါတယ်” လို့ ပြောပါတယ်။ ဒီဥပဒေကြောင့် လူပေါင်း ၁,၀၀၀ ကနေ ၂,၀၀၀ ကြား အကျိုးခံစားရနိုင်တယ်လို့လည်း သူက ခန့်မှန်းထားပါတယ်။
အများစုက ပြစ်ဒဏ်စေ့သွားကြပြီဖြစ်ပေမဲ့ “ဒီဥပဒေက သူတို့ရဲ့ အပြစ်တွေကို ဖျက်ပစ်ဖို့ မဟုတ်ဘဲ နိုင်ငံရေးအခွင့်အရေးတွေကို ပြန်လည်ပေးအပ်မှာ ဖြစ်တယ်” လို့ ယုဒ္ဓပွန်က ရှင်းပြပါတယ်။
ဒါ့အပြင် “ဒီဥပဒေကြမ်းဟာ တရားမမှုတွေမှာ အကျုံးမဝင်တဲ့အတွက် လေဆိပ်ပိတ်ဆို့မှုနဲ့ ပြစ်ဒဏ်ကျခဲ့တဲ့ ရှပ်ဝါတွေအနေနဲ့ လျော်ကြေးပေးရဦးမှာပါ” လို့လည်း သူက ဆိုပါတယ်။
လက်ရှိမှာတော့ ခြွင်းချက်မပါဝင်တဲ့ နိုင်ငံရေးတက်ကြွလှုပ်ရှားသူတွေရဲ့ အမှုတွေကို အဆုံးသတ်ပေးမဲ့ ဒီဥပဒေကြမ်းကို ဘုရင်က အတည်ပြုပေးဖို့ လိုအပ်နေဆဲ ဖြစ်ပါတယ်။
နိုင်ငံရေးနောက်ခံကိုကြည့်ရင် သက်ဆင်ရဲ့ ဖွေထိုင်းပါတီဟာ ပြီးခဲ့တဲ့ ဖေဖော်ဝါရီလ ရွေးကောက်ပွဲမှာ တတိယနေရာထိ ကျဆင်းသွားပေမဲ့ လက်ရှိဝန်ကြီးချုပ် အနုထင်း ချန်းဝီရကွန်း ဦးဆောင်တဲ့ ညွန့်ပေါင်းအစိုးရအဖွဲ့မှာတော့ ပါဝင်နေဆဲ ဖြစ်ပါတယ်။










