
ထိုင်းမှာ CI မလိုဘဲ ပန်းရောင်ကတ်နဲ့ အလုပ်လုပ်ခွင့်ပါမစ် Work Permit အသုံးပြုပြီး တရားဝင် နေထိုင် အလုပ်လုပ်ခွင့်ရဖို့ တောင်းဆိုလှုပ်ရှားမှုကနေတဆင့် ထိုင်းအစိုးရ လွှတ်တော်အထိ တင်သွင်း တောင်းဆိုသွားမယ်လို့ ကမ်ပိန်း ဦးဆောင်သူတွေက ပြောပါတယ်။
ထိုင်းရောက် အထောက်အထားမဲ့ မြန်မာရွှေ့ပြောင်းလုပ်သားတွေအတွက် ဘယ်သူဘယ်ဝါ ဖြစ်ကြောင်း အသိအမှတ်ပြုလက်မှတ် (CI) စာအုပ် လုပ်ဆောင်ရတဲ့ ကုန်ကျစရိတ်နဲ့ စစ်အာဏာရှင်ကို ပေးရတဲ့ အခွန်ကိစ္စတွေကို လျှော့ချဖို့ အလုပ်သမားအရေး လှုပ်ရှားသူတွေက CI မလုပ်ဖို့ လှုပ်ရှားမှုတရပ် ဦးဆောင်ပြုလုပ်နေပါတယ်။
မြန်မာရွှေ့ပြောင်းလုပ်သားများ ကိုယ်စားပြု ညှိနှိုင်းရေးကော်မတီ (MMWRCCT) က ဦးဆောင်တဲ့ ဒီကမ်ပိန်းမှာ အောက်တိုဘာ ၁၈ ရက်ကစပြီး ထောင်နဲ့ချီတဲ့ အလုပ်သမားတွေဟာ သူတို့ရဲ့ တောင်းဆိုချက်တွေကို ဆိုရှယ်မီဒီယာပေါ်တင်ကာ ပါဝင် လှုံ့ဆော်နေကြတာပါ။
ကမ်ပိန်းရဲ့ အဓိကတောင်းဆိုချက်တွေက CI စာအုပ် မဖြစ်မနေ လုပ်ရတာ ကင်းလွတ်ခွင့်ရရေး၊ CI နဲ့ ပတ်စ်ပို့ မလိုဘဲ ပန်းရောင်ကတ်နဲ့ Work Permit အသုံးပြုပြီး နေထိုင်အလုပ်လုပ်ခွင့်ရရေး၊ ဗီဇာမရှိသူတွေကို Work Permit သက်တမ်းတိုးခွင့်ပြုရေးနဲ့ ပန်းရောင်ကတ်ကို အခြေခံပြီး တရားဝင် နေထိုင်ခွင့်ရရှိရေးတို့ ဖြစ်ပါတယ်။
MHAC မဟာမိတ်အဖွဲ့ ဦးဆောင်သူ ကိုရဲမင်းက “လှုပ်ရှားမှုကတော့ လုပ်သားတွေကြားထဲမှာ ထဲထဲဝင်ဝင် ပျံ့နှံ့လာတယ်။ ကိုယ် မပေးချင်တဲ့ အခွန်တွေ၊ ကိုယ် မပြောချင်တဲ့ အကြောင်းအရာတွေ၊ ထပ်ဆင့် ကုန်ကျငွေတွေ၊ ဒါမျိုးတွေပေါ့။ မလိုအပ်ဘဲ ပွဲစားတွေ၊ Queue ကြေးတွေ၊ CI စင်တာကြေးတွေ ပေးနေရတာတွေ၊ မပေးချင်ဘဲ ပေးနေရတာတွေ ပပျောက်ချင်တယ် ဆိုရင်တော့ ထိုင်းအစိုးရထံကို ထိုင်းရောက် မြန်မာလုပ်သားတွေ ညီညီညွတ်ညွတ်နဲ့ တောင်းဆိုမယ်ဆိုရင် အခု ဒီကိစ္စလည်း မဖြစ်နိုင်ဘူးလို့ မပြောနိုင်ဘူး၊ ဖြစ်လာနိုင်တယ်။ အဲဒီအတွက် လုပ်သားထုရဲ့ ညီညွတ်မှုနဲ့ အားလုံး အင်နဲ့အားနဲ့ ပူးပေါင်းပါဝင်ဖို့၊ ထိုင်းမှာ မြန်မာလုပ်သား ၅ သန်းကနေ ၇ သန်းကြားလောက်ထိ ရှိနေပြီလို့ ခန့်မှန်းရတယ်။ အဲဒီတော့ သန်းနဲ့ချီတဲ့ လုပ်သားတွေ အင်အားများများနဲ့ ပါဝင်လာရင် ထိုင်းအစိုးရဘက်ကလည်း တမျိုးပြန်စဉ်းစားလာမှာ ဖြစ်တယ်။ ဒါက အွန်လိုင်းပေါ်က လှုပ်ရှားမှုဆိုပေမဲ့ နောက်ထပ် လက်မှတ်ထိုး တောင်းဆိုမှုတွေလည်း ဆက်လုပ်သွားဖို့ ရှိပါသေးတယ်” လို့ ပြောပါတယ်။
ထိုင်းမှာ CI စာအုပ်ပြုလုပ်ခ တရားဝင် သတ်မှတ်ဈေးနှုန်းက ဘတ် ၂,၆၆၀ ဖြစ်ပေမဲ့ ပွဲစားခ အပါအဝင် လက်တွေ့ ကုန်ကျစရိတ်က ဘတ် ၅,၀၀၀ ကျော်အထိ ရှိနေတယ်လို့ အလုပ်သမားတွေက ပြောပါတယ်။
ဒါ့အပြင် ဝင်ငွေခွန် ၂ ရာခိုင်နှုန်းနဲ့ မိသားစုထံ လွှဲပို့ငွေ ၂၅ ရာခိုင်နှုန်း အထောက်အထား ပြသရတာကလည်း အလုပ်သမားတွေအတွက် ဝန်ထုပ်ဝန်ပိုး ဖြစ်နေပါတယ်။
ကမ်ပိန်းဦးဆောင်သူတွေက အွန်လိုင်းပေါ်က လှုပ်ရှားမှုနဲ့တင် ရပ်တန့်မှာမဟုတ်ဘဲ လက်မှတ်ရေးထိုး တောင်းဆိုမှုတွေ ဆက်လုပ်သွားဖို့ ရှိတယ်လို့ ဆိုပါတယ်။
ရရှိလာတဲ့ အလုပ်သမားထုရဲ့ လက်မှတ်တွေကိုလည်း ထိုင်းအစိုးရ၊ ထိုင်းအလုပ်သမားဝန်ကြီးဌာနနဲ့ လွှတ်တော်ကို တင်ပြသွားမယ်လို့ ဆိုပါတယ်။
MMWRCCT ယာယီကော်မတီအဖွဲ့ဝင် ကိုနေမျိုးဇင်က “ရရှိလာတဲ့ လက်မှတ်တွေကို လက်ရှိ ကျနော်တို့ ထိုင်းနိုင်ငံ အလုပ်သမားဝန်ကြီးဌာန၊ ထိုင်းအစိုးရ၊ လွှတ်တော်တွေအထိ တင်သွင်းဖို့ အစီအစဉ်တွေရော၊ တွေ့ဆုံဆွေးနွေးမှုတွေရော အားလုံး လုပ်ထားပြီး ဖြစ်ပါတယ်။ ဒီစာ လက်မှတ်တွေကို တင်သွင်းပြီးတာနဲ့ ထိုင်းဘက်က တစုံတရာ ဥပမာ- စီအိုင်၊ ပတ်စ်ပို့ လုပ်ဆောင်တဲ့ အစီအစဉ်တွေကို ရပ်ဆိုင်းတာမျိုး၊ အခွန်ငွေဆိုပြီး အတင်းကောက်ခံတဲ့ 7-Eleven ကိစ္စတွေကို ရပ်ဆိုင်း တားမြစ်တာမျိုး ဖြစ်လာလိမ့်မယ်လို့ မျှော်လင့်ပါတယ်။ ဒီအစီအစဉ် တခုတည်းနဲ့ မပြီးပါဘူး၊ ကျနော်တို့က ဆက်လက်ပြီးတော့ အလုပ်သမားထုအင်အား အသုံးပြုပြီးတော့ ဖက်ဆစ် အကြမ်းဖက်တပ်တွေ သံရုံးတွေရဲ့ တရားဝင်မှုတွေကိုပါ ဆက်လက်ပြီးတော့ တိုက်ဖျက်သွားဖို့နဲ့ နိုင်ငံတကာ ရွှေ့ပြောင်းသမားတွေရှိတဲ့ မလေးရှားတို့၊ စင်ကာပူတို့ စတဲ့နေရာတွေအထိ အလုပ်သမား ကွန်ရက်တွေ ဖြန့်ကြက်ပြီးတော့ ဒီလှုပ်ရှားမှုကတဆင့် ဖက်ဆစ် အကြမ်းဖက်အုပ်စုရဲ့ တရားဝင်မှု ဖြစ်နေဖို့ ကြိုးစားမှုတွေကို ပယ်ဖျက်သွားမှာ ဖြစ်ပါတယ်” လို့ ပြောပါတယ်။
အလုပ်သမားအရေး လှုပ်ရှားသူတွေကတော့ အလုပ်သမား တယောက်ချင်းစီရဲ့ တောင်းဆိုမှုထက် စုပေါင်းညီညွတ်မှုက ပိုမိုထိရောက်နိုင်တာကြောင့် ကမ်ပိန်းမှာ အလုပ်သမားတွေ ပိုမိုပါဝင်လာဖို့ တိုက်တွန်းထားပါတယ်။
ဒါ့အပြင် ထိုင်းမှာ မြန်မာအလုပ်သမား သန်းနဲ့ချီ ရှိတာကြောင့် အွန်လိုင်းကမ်ပိန်းကဆင့် မြေပြင်မှာ လက်မှတ်ရေးထိုး စုပေါင်းတောင်းဆိုတဲ့ လှုပ်ရှားမှုကနေ ထိုင်းအစိုးရရဲ့ မူဝါဒ ပြောင်းလဲပေးနိုင်မှုအထိ ရောက်ရှိအောင် ကြိုးစားသွားကြဖို့လည်း ကမ်ပိန်း ဦးဆောင်သူတွေက မျှော်လင့်ထားကြပါတယ်။
ထိုင်းအလုပ်သမားဝန်ကြီးဌာနရဲ့ ၂၀၂၆ အောက်တိုဘာလ ထုတ်ပြန်ချက်အရ ထိုင်းနိုင်ငံမှာ နေထိုင် အလုပ်လုပ်နေတဲ့ မြန်မာလုပ်သား ၄ ဒသမ ၁ သန်း ရှိနေပြီလို့ သိရပါတယ်။











