DVB Logo
Home
Lead Story
မင်းအသက် ငါ့ပေး မကောင်းဆိုးဝါးအရူး မင်းအောင်လှိုင်နဲ့ စစ်လားပင်စင်
DVB
·
March 18, 2025
မင်းအသက် ငါ့ပေး မကောင်းဆိုးဝါးအရူး မင်းအောင်လှိုင်နဲ့ စစ်လားပင်စင်
Donate to DVB

မင်းအသက်ငါ့ပေး ဆရာကြီးမြခိုင် ဝတ္ထု‌တွေကို ရေးသားခဲ့တဲ့ စာရေးဆရာ ပုဂံသူရက သူ့ရဲ့ဇာတ်ကောင် မြခိုင်ကို ဖန်တီးရခြင်းရဲ့ ရည်ရွယ်ချက်ကတော့ အနာဂတ်ခေါင်းဆေင် လူငယ်လူရွယ်တွေကို မှန်တာလုပ်ရဲလာအောင်၊ ဟုတ်တာကို ပြောရဲလာအောင်၊ နိုင်ငံအတွက် အကျိုးမရှိတဲ့အလုပ်တွေ မလုပ်ကြဖို့၊ ရာဇဝတ်ဘေးဆိုတာ ပြေးမလွတ်ဘူးဆိုတာ သိစေလိုတဲ့ ရည်ရွယ်ချက်နဲ့ ရေးခဲ့တာလို့ ပြောခဲ့ဖူးပါတယ်။

ဒီကနေ့ မြန်မာနိုင်ငံမှာတော့ မင်းအသက်ငါ့ပေး ဆရာကြီးမြခိုင်နဲ့ ဆန့်ကျင်ဘက် စိတ်ဓာတ် အကျင့်စရိုက်ရှိတဲ့ မင်းအောင်လှိုင်နဲ့ စစ်အခွင့်ထူးခံ သတ္တဝါယုတ်တွေဟာ အများပြည်သူက သဘောမတူတဲ့ တရားမဝင် ပြည်သူ့စစ်မှုထမ်းဥပဒေကို ဇွတ်ပြဋ္ဌာန်းခဲ့ကြပြီး သူတို့ရဲ့ မသန့်ရှင်းတဲ့ အသက်အိုးအိမ်စည်းစိမ်ကို ကာကွယ်ဖို့ လူငယ်လူရွယ်တွေနဲ့ ဆင်းရဲသားအများ ပြည်သူလူထုရဲ့ အသက်ကို စတေးနေကြချိန်ဖြစ်ပါတယ်။ 

အခုဆိုရင် ပြီးခဲ့တဲ့နှစ် ၂၀၂၄ ဖေဖော်ဝါရီ ၁၀ ရက်နေ့က စစ်ရှုံးဓားပြဂိုဏ်းက အသက်သွင်းခဲ့တဲ့ ပြည်သူ့စစ်မှုထမ်းဥပဒေဟာ ၁ နှစ်တင်းတင်းပြည့်ခဲ့ပါပြီ။ အခု မတ်လထဲမှာ ဖွင့်လှစ်မယ့် စစ်မှုထမ်းသင်တန်းနဲ့ဆို အပတ်စဉ် ၁၁ ထိ ရှိလာမှာဖြစ်ပါတယ်။ အဲ့ဒီ တရားမဝင် ပြည်သူ့စစ်မှုထမ်းဥပဒေနဲ့ နိုင်ငံတဝန်းက အသက် ၁၈ နှစ်နဲ့ ၃၅ နှစ်ကြား လူငယ်တွေကို သူတို့ရဲ့ သဘောဆန္ဒမပါဝင်ဘဲ အတင်းအဓမ္မ စစ်ထဲသွတ်သွင်းခဲ့တာ အပတ်စဉ် ၁၁ ထိရှိလာပြီမို့ လူငယ်လူရွယ်ပေါင်း ၅ သောင်းဝန်းကျင်ရဲ့ အသက်ကို ရက်စက်ယုတ်မာစွာ လုယူနေကြတာမို့ စစ်တိရစ္ဆာန်မင်းအောင်လှိုင်ကို မင်းအသက် ငါ့ပေး မကောင်းဆိုးဝါးအရူးလို့ပဲ အမည်ပေးချင်ပါတယ်။

စစ်အခွင့်ထူးခံ ဗိုလ်ချုပ်ကြီးတွေနဲ့ စစ်တပ် သူတို့သားသမီးတွေကိုတော့ စစ်မှုမထမ်းခိုင်းဘဲ နိုင်ငံရပ်ခြားလွှတ် နေထိုင်ပညာသင်စေခဲ့ကြပြီး တိုင်းရင်းသား မိဘပြည်သူ ဆင်းရဲသား လက်လုပ်လက်စားတွေ၊ ရွာသူရွာသားတွေရဲ့ သားသမီးတွေကို သူတို့ အာဏာတည်မြဲရေးအတွက် အသုံးချဖို့ ကာယကံရှင်ဆန္ဒမပါဘဲ ဖမ်းဆီးခဲ့ကြတယ်။ စစ်မှုထမ်းဥပဒေအသက်သွင်းချိန်မှာ အရပ်သား တပ်သားသစ်များကို ရှေ့တန်းမပို့ဟု စစ်ကောင်စီက လိမ်ညာဝါဒဖြန်ခဲ့ကြတယ်။

ဒါပေမဲ့ စစ်သင်တန်းကို လပိုင်းလောက်ပေးပြီးတာနဲ့ ပြင်းထန်စွာ တိုက်ပွဲ‌တွေ ဖြစ်ပွားနေတဲ့ ရှေ့တန်းစစ်မျက်နှာတွေဆီ ပို့လွှတ်ပြီး ကျည်ဆန် ဗုံးဆန်တွေကြား စေလွှတ်ပြီး လူသားဒိုင်းကာအဖြစ် အသုံးချ အသေခံခိုင်းနေကြတာဖြစ်ပါတယ်။ အခုဆို သင်တန်းမပြီးခင်မှာကို ယုတ်မာစုတ်ပဲ့စွာနဲ့ လူငယ်လူရွယ်တွေရဲ့အသက်ကို စတေးခံပစ်ကြတဲ့ သူတို့သမိုင်းဆိုးဟာ ရိုင်းပြနိမ့်ကျလွန်းပါတယ်။

လူ့အခွင့်အရေး နဲ့ ဒီမိုကရေစီရချင်တာမို စစ်အာဏာရှင်စနစ်ကို ဆန့်ကျင်သပိတ်မှောက်ခဲ့ကြတဲ့ နိုင်ငံတဝန်းက ပြည်သူလူထုကို လက်စားချေဖို့ ပြည်သူတွေရဲ့သားသမီးတွေကို တော်လှန်‌ရေးအင်အားစုတွေနဲ့ ဖြစ်တဲ့ ပြည်တွင်းစစ်မှာ  သူတို့ရဲ့ရှုံးနိမ့်‌နေတဲ့ ရှေ့တန်းစစ်မျက်နှာတွေမှာ အသေခံခိုင်းပြီး ပြည်သူအပေါ် လက်စားချေနေကြတဲ့ စစ်မကောင်းဆိုးဝါးအုပ်စုကို လုံးဝအမြစ်မကျန် တိုက်ထုတ်ရမှာ တပြည်လုံးက နိုင်ငံသားတိုင်းရဲ့ အရေးအကြီးဆုံး သမိုင်းပေးတာဝန်တရပ်ဖြစ်လာခဲ့ပါပြီ။

ဒါကြောင်မို့လို့လည်း တချိန်တုန်းက အကောင်းစား ယူနီဖောင်းဘဝတွေကနေ ဆိုးရွားယုတ်မာတဲ့ စစ်အာဏာရှင်စနစ်အောက်မှာ အမှုထမ်းကြတဲ့ ပြည်သူ့ဝန်ထမ်း၊ နိုင်ငံ့ဝန်ထမ်းတွေဟာ အဟောင်းစား ယူနီဖောင်းဘဝအဖြစ်ရောက်ခဲ့ကြရင်း အခုတော့ လူထုရန်သူတော် သူတောင်းစား ယူနီဖောင်းတွေအဖြစ် ပြောင်းလို့ ပြည်သူလူထုရဲ့ မုန်းတီးရွံရှာမှုကို အမြင့်ဆုံး ခံနေကြရတာလည်း ဖြစ်ပါတယ်။

ဆရာမင်းသိင်္ခ ရေးသားခဲ့တဲ့ မတစ်ထောင် တကောင်ဘွား ဝတ္ထုထဲမှာ "လားပင်စင်ပေးတယ်" ဆိုတဲ့ အသုံးအနှုန်းတခု ပါဝင်ပါတယ်။ လားပင်စင်ပေးတယ် ဆိုတာ ဒုတိယကမ္ဘာစစ်အတွင်းက စစ်ပွဲတွေမှာ သယ်ယူပို့ဆောင်ရေးမှာ အသုံးပြုခဲ့တဲ့ လားတွေကို စစ်ပြီးသွားတဲ့အခါ အသုံးပြုဖို့ မလိုအပ်တော့တာမို့ သေနတ်နဲ့ နဖူးကိုတေ့ပြီး ပစ်သတ်ပြီး အနားပေးတာကို လားပင်စင်ပေးတယ်လို့ တင်စားသုံးနှုန်းပါတယ်။

တကယ်တော့ မြန်မာနိုင်ငံမှာ ၁၉၆၂ ခုနှစ် မတ်လ ၂ ရက်နေ့ကစလို့ တပ်မတော်အစစ်အမှန်ဟာ ကွယ်လွန်‌သွားခဲ့ပြီးပါပြီ။ ဒီကနေ့ တိုင်းပြည်အာဏာလုထားတာ အာဏာရှင်သစ္စာခံ လက်နက်ကိုင်စစ်တပ်ဟာ တပ်မတော်အတုကြီးသာ ဖြစ်တာမို့ အာဏာရှင်စနစ်အောက်မှာ အမှုထမ်းကြတဲ့ ပြည်သူ့ဝန်ထမ်း၊ နိုင်ငံ့ဝန်ထမ်းတွေ ယူနစ်ဖောင်းဝတ်တွေဟာ နိုင်ငံနဲ့ ပြည်သူကို အကျိုးမပြုတဲ့အပြင် အသက်အန္တရာယ်ပြုနေကြတဲ့ မကောင်းဆိုးဝါး စစ်သတ္တဝါတွေသာ ဖြစ်ပါတယ်။

တရားမဝင်စစ်မှုထမ်းဥပဒေနဲ့ စစ်အင်အားပြုန်းတီးမှုကို ဖာထေးဖို့ ဝေသာလီပြည် ဘီလူးစီးသလို လူငယ်တွေကို လိုက်လံဖမ်းဆီးနေတာဟာ နိုင်ငံတဝန်းက ဒေသတချိုနဲ့ ကျေးလက်တောရွာ အများအပြားက လူငယ်တွေဟာ ကိုယ့်အိမ်မှာတောင် ပြန်မအိပ်ရဲကြတော့ပါဘူး။ ပြီးခဲ့တဲ့ ရက်ပိုင်းအတွင်းက ဧရာဝတီတိုင်း၊ ရေကြည်မြို့နယ်မှာရှိတဲ့ စစ်ဓားပြတပ်တွေ အဓမ္မစစ်မှုထမ်းဖို့ စုဆောင်းရာ နေအိမ်ပေါ်တက်ပြီး ခြင်ထောင်ထဲအထိပါ ရှာဖွေမှုများပြုလုပ်လာတဲ့ သတင်းတွေ ဖတ်ခဲ့ရပါတယ်။

သူတို့ အသက်ဆက်နိုင်ဖို့ စစ်မှုထမ်းခေါ်ယူရာမှာ လာဘ်ပေးလာဘ်ယူမှုတွေ၊ လူစားထိုးတာတွေ ကာကွယ်တားဆီးနိုင်ဖို့အတွက် အကြောင်းပြပြီး အခုဆို သန်းခေါင်စာရင်းနဲ့ ရပ်/ကျေးအဆင့်က ပေးပို့ထားတဲ့ စာရင်းတွေကို တိုက်ဆိုင်စစ်ဆေးပြီး စစ်မှုထမ်းရမယ့် လူငယ်တွေနဲ့ သူတို့မိဘတွေကို မြို့နယ်စစ်မှုထမ်းဆင့်ခေါ်ရေးရုံးတွေဆီ ခေါ်ယူနေတဲ့အဆင့်ကို ရောက်လာပြီဖြစ်ပါတယ်။

အသုံးပြုလို့မရတော့တဲ့ လားသတ္တဝါတွေကို လက်စတုံးအနားပေးတဲ့ လားပင်စင်ပေးသလို နိုင်ငံအတွက် အသုံးမဝင်ရုံမက ပြည်သူလူထုရဲ့ အိုးအိမ်ဘဝတွေဖျက်ဆီး၊ အသက်အန္တရာယ်ပါ ပြုလာတဲ့ မကောင်းဆိုးဝါးစစ်သတ္တဝါတွေကို စစ်လားပင်စင်ပေးအပ်ကြမှသာ နိုင်ငံသားတိုင်းရဲ့ ဘဝတွေ လုံခြုံအေးချမ်းမှာဖြစ်ပါတယ်။

ဒီဆောင်းပါးကို နိဂုံးသပ်ရရင် စစ်အာဏာရှင်သန်နိုင်ဖို့ တန်ဖိုးကြီးမားတဲ့ အနာဂတ်ခေါင်းဆောင် လူငယ်လူရွယ်တွေရဲ့အသက်ကို မင်းတို့အသက်ငါ့ပေးကြဟေ့ ဆိုတဲ့သဘောနဲ့ အတင်းအဓမ္မ လုယူစတေးပစ်နေတဲ့ မင်းအသက် ငါ့ပေး မကောင်းဆိုးဝါးအရူး မင်းအောင်လှိုင်နဲ့ စစ်မိစ္ဆာကောင်တွေဟာ မြန်မာ့သမိုင်းမှာရော ကမ္ဘာပေါ်မှာ အဆိုးယုတ်ဆုံးစစ်အုပ်စုဖြစ်သွားခဲ့ပါပြီ။

သူတို့ဟာ လုံးဝခွင့်မလွှတ်ထိုက်တဲ့ စစ်ရာဇဝတ်မှုတွေ ထပ်တလဲလဲ ကျုးလွန်နေကြတာမို့ မြန်မာတနိုင်ငံလုံးက ပြည်သူပြည်သားတိုင်း လူငယ်လူရွယ်တွေနဲ့ မိဘတွေအားလုံးဟာ ကိုယ်သားသမီးအသက် အချည်းအနှီးမဆုံးရှုံးရအောင် စစ်သတ္တဝါတွေကို အသက်ဆက်ပေးဖို့ မိမိအသက်၊ မိမိသားသမီးအသက်ကို အကျိုးမဲ့ ပေးဆပ်ရမယ့်အဖြစ်မျိုး မကြုံရလေအောင် ငါတို့အလှည့် မကျလောက်သေးပါဘူးထင်ပြီး အိမ်က ထိုင်စောင့်ပြီး လည်စင်းခံကြမဲ့အစား မင်းအသက် ငါ့ပေး မကောင်းဆိုးဝါးအရူး မင်းအောင်လှိုင်နဲ့ စစ်သတ္တဝါတွေကို လားပင်စင် ပေးနိုင်အောင် နီးစပ်ရာ တော်လှန်ရေးအင်အားစု အသီးသီးနဲ့ ချိတ်ဆက်ပူးပေါင်းပြီး ရတဲ့နည်းလမ်းပေါင်းစုံနဲ့ အစွမ်းကုန်ဝိုင်းဝန်းကြိုးပမ်းအားထုတ်ခြင်းနဲ့ တပြည်လုံးတော်လှန်ရေးကြီး ကသာ မိမိအပါအဝင် မြန်မာတနိုင်ငံလုံးကို ကယ်တင်နိုင်မှာဖြစ်ပါကြောင်း အ‌လေးအနက် စေ့ဆော်တိုက်တွန်းလိုက်ပါတယ်။

မင်းကောင်းချစ်

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013