Home
မြန်မာသတင်း
တနင်္သာရီတွင် စစ်တပ်က အမျိုးသား ၁ ဦးကို စစ်သင်တန်းမပို့ဘဲ စစ်မှုထမ်းခိုင်း
DVB
·
March 18, 2025

တနင်္သာရီတိုင်း၊ မြိတ်ခရိုင်၊ တနင်္သာရီမြို့နယ်မှာ စစ်ကောင်စီရဲ့ ဧည့်စာရင်းအကြောင်းပြ ဖမ်းဆီးခံရတဲ့ အမျိုးသားတယောက် အခြေခံစစ်သင်တန်းမတက်ရဘဲ စစ်ဆေးရေးဂိတ်မှာ တာဝန်ထမ်းဆောင်ရတယ်လို့ ဒေသခံပြည်သူတွေဆီက သိရပါတယ်။

သဘော့လိပ်ကျေးရွာမှာ ငါးရောင်းငါးဝယ် လုပ်ကိုင်နေသူ  အသက် ၃၀ အရွယ် အမျိုးသား တယောက်ကို အခုနှစ် ဖေဖော်ဝါရီ အစပိုင်းတုန်းက တနင်္သာရီမြို့ပေါ်ရှိ တည်းခိုခန်းတခုမှာ တည်းခိုချိန် ဧည့်စာရင်းလာစစ်ပြီးနောက် ဖမ်းဆီးသွားတယ်လို့ သဘော့လိပ်ရွာသားတယောက်က ပြောပါတယ်။

“ဂိတ်မှာ ဖမ်းခံထိတာမဟုတ်ဘူး၊ ဧည့်စာရင်းစစ်ရင်း ဖမ်းခံရတယ်။ တနင်္သာရီမြို့က ကြေးရုပ်ဂိတ်မှာ ယူနီဖောင်းပေးဝတ်ပြီးတော့ ပေးစောင့်ခိုင်းထားတဲ့ အနေအထား ရောက်သွားတယ်။ မိသားစုက အဆက်အသွယ်ရသေးတယ်၊ တနင်္သာရီမြို့မှာ သွားထုတ်တာ မရဘူး။”

ရွာသားတွေရဲ့ ပြောပြချက်အရ ဖမ်းဆီးခံရတဲ့ အမျိုးသားရဲ့ မိသားစုဝင်တွေက ပြန်ထုတ်ဖို့ ကြိုးစားပေမဲ့ မရခဲ့ဘူးလို့ သိရပြီး ဖမ်းဆီးပြီး မကြာခင်မှာပဲ တနင်္သာရီမြို့ပေါ်က ဗိုလ်ချုပ် ကြေးရုပ်ဂိတ်မှာ စစ်ကောင်စီယူနီဖောင်းနဲ့ ပြန်တွေ့ရတယ်လို့ နောက်ထပ်ရွာသားတယောက်က ပြောပါတယ်။

“သူက သဘော့လိပ်မှာ ပန်းတွေ ရောင်းလိုက်၊ ငါးတွေရောင်းလိုက်နဲ့ အခြေချနေထိုင်တာ ကြာပြီ။ ကြေးရုပ်ဂိတ်မှာ စောင့်ခိုင်းတာလည်း မှန်တယ်။ အခုထိ မလွတ်သေးဘဲ ဆက်လုပ်နေရတုန်းပဲ။ တည်းခိုခန်းမှာတည်းတာ ဧည့်စာရင်းမတိုင်ရဘူး ထင်တယ်။ အရင်က သူ့မှာ အကြောင်းပြချက်တခုခု ရှိလို့လားမသိဘူး။”

စစ်မှုထမ်းဥပဒေ မထွက်ခင်ကလည်း တနင်္သာရီမြို့နယ်၊ ဗောဓိကမ်းတံတားမှာ အရပ်သားတွေကို စစ်တပ်ယူနီဖောင်းပေးဝတ်ပြီး လုံခြုံရေးတာဝန်ယူခိုင်းတာ ရှိတယ်လို့ ဒေသခံပြည်သူတွေက ပြောပါတယ်။

အဆိုပါ ဗောဓိကမ်းတံတားမှာ တာဝန်ကျတဲ့ စစ်ကောင်စီတပ်သားတွေက အရပ်သား ပြည်သူတွေကို ရိုက်နှက်အပြစ်ပေးတာတွေ ရှိခဲ့ပြီး ဖြတ်သွားဖြတ်လာတဲ့ ဒေသခံ အမျိုးသမီးတွေကို စစ်ဆေးတာ အကြောင်းပြပြီး ကိုယ်ခန္ဓာကို ထိပါးနှောင့်ယှက်တဲ့ အပြုအမူတွေပါ ရှိခဲ့တယ်လို့ ဒေသခံအမျိုးသမီးတွေဆီက သိရပါတယ်။

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024